News

POST TAGGED AS

စက်သုံးဆီ

23-Mar-2017

စက်သုံးဆီ
စက်သုံးဆီလုပ်ငန်း ပြည်ပရင်းနှီးမြှုပ်နှံမှု ခွင့်မပြုရန် စီမံ/ဘဏ္ဍာဝန်ကြီးထံ စာတင်မည်

ရန်ကုန်၊ မတ် ၂၂

ပြည်တွင်း စက်သုံးဆီလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုမပေးသေးရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချသူများအသင်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းထံသို့ အသနားခံစာ တင်မည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ပြည်တွင်းတွင် ဈေးကွက်ပြိုင်ဆိုင်မှု နည်းပါးသော စက်သုံးဆီ လုပ်ငန်းများနှင့် ဈေးဝယ်စင်တာ လုပ်ငန်းများကို ပြည်ပ လုပ်ကိုင်ခွင့်ပြုပေးမည်ဟု မတ်လ ၁၈ နေ့က နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ပြည်ပလုပ်ငန်းရှင်များ တွေ့ဆုံပွဲ၌ ဝန်ကြီးက ပြောကြားခဲ့ခြင်းကို လတ်တလော ခွင့်မပြုသေးရန် အဆိုပါ အသင်းက လုပ်ဆောင်ခြင်း ဖြစ်သည်။

ပြည်တွင်း စက်သုံးဆီ လုပ်ငန်းများအနေနှင့် နိုင်ငံတကာ သတ်မှတ်ချက်များနှင့် ကိုက်ညီသော စက်သုံးဆီများကိုသာ ပြည်ပမှ တင်သွင်းပြီး ဈေးနှုန်း သတ်မှတ်ရာတွင်လည်း ပြည်ပ စက်သုံးဆီ ဈေးနှုန်း ပြောင်းလဲမှုနှင့် နိုင်ငံခြား ငွေလဲလှယ်နှုန်းများအပေါ် မူတည်ပြီး ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောကြားသည်။

“လုပ်ငန်းရှင်တွေက ဈေးနှုန်း၊ အရည်အသွေးနဲ့ အရေအတွက်တွေကို လုပ်ပေးနိုင်သေးတယ်။ အဲဒါကြောင့် ပြည်ပ လုပ်ငန်းရှင်တွေကို မခေါ်သေးပါနဲ့ဦး။ ပြည်တွင်း လိုအပ်ချက် ရှိနေတာတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မခေါ်ခင် ပြည်တွင်း လုပ်ငန်းရှင်တွေကို လမ်းညွှန်မှုပေးပါ”ဟု ၎င်းကပြောဆိုသည်။

လတ်တလောတွင် စက်သုံးဆီ အသင်းအနေနှင့် ပြည်တွင်း စက်သုံးဆီ ဆိုင်များကို အရည်သွေး စစ်ဆေးမှုများ ပြုလုပ်သွားပြီး အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ဆိုင်များအတွက် အသင်းက အပြည့်အဝ တာဝန်ယူသွားမည်ဖြစ်ကာ အစစ်ဆေး မခံသောဆိုင်များကို အသင်းမှ ထုတ်ပယ်ခြင်းမျိုးအထိ လုပ်ဆောင်မည် ဖြစ်ကြောင်း ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

J-01



FOLLOW US