News

POST TAGGED AS

စက်သုံးဆီ

19-Mar-2017

စက်သုံးဆီ
စက်သုံးဆီဆိုင်နှင့် ဈေးဝယ်စင်တာများ ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို လုပ်ကိုင်ခွင့်ပေးမည်

ရန်ကုန်၊ မတ် ၁၈

စက်သုံးဆီဆိုင်များနှင့် ဈေးဝယ်စင်တာ လုပ်ငန်းများကို ပြည်ပ ရင်းနှီးမြှုပ်နှံသူများအား လုပ်ကိုင်ခွင့်ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပြည်ပ လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောကြားသည်။

“ပြည်တွင်းမှာရှိတဲ့ စွမ်းအင်ရောင်းတဲ့ဆိုင်တွေက ပြည်ပမှာ ရေနံဈေးကျလည်း သူတို့ မကျဘူး။ ဒါတွေက ဘာကြောင့်ဖြစ်လာလဲဆိုရင် ယှဉ်ပြိုင်မှု မရှိလို့။ ဈေးက သူတို့ လက်ထဲမှာပဲ ရှိနေတယ်။ ဒီလိုပဲ ဆူပါမားကက်တွေ၊ စတိုးတွေကို ပြည်ပကလူတွေကို ရင်းနှီးမြှုပ်နှံခွင့် ပေးရမယ်။ အဓိကက စားသုံးသူတွေ ရွေးချယ်ခွင့်ရှိလေ စီးပွားရေး အားကောင်းလေပဲ။ ယှဉ်ပြိုင်တဲ့ဘက်ကို သွားမှဖြစ်မယ်”ဟု ၎င်းကဆိုသည်။

စီးပွားရေး လုပ်ငန်းများကို ပြည်ပ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးမည် ဖြစ်သကဲ့သို့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကိုလည်း ဥပဒေဘောင်အတွင်းမှ အပြည့်အဝ ကာကွယ်ပေးမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များကိုသာ ကြည့်ပြီး စီးပွားရေး လုပ်ငန်းများကို ပိတ်ပင်ထား၍ မရကြောင်း ဦးကျော်ဝင်းက ဆက်လက် ပြောကြားသည်။

စက်သုံးဆီဈေးနှင့် ပတ်သက်၍ ပြည်ပဈေး ကျလျှင် ပြည်တွင်းမှာလည်း ဈေးကျဆင်း၍ ရောင်းချပြီး ဈေးမချသည့် ဆိုင်များကို အသိပေး ပြောကြားကြောင်း၊ ပြည်ပ စက်သုံးဆီ ဈေးအတိုင်း နေ့စဉ် ပြောင်းလဲ သတ်မှတ်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအပြင် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးသူများ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

“ပြည်ပဈေးအတိုင်း ပြည်တွင်းဈေးကို ချိန်ပြီး ရောင်းပါတယ်။ ဈေးမကျဘဲ ရောင်းတယ်ဆိုပြီး ဝန်ကြီးပြောတာကတော့ ဝန်ကြီးဆီကို သတင်းအမှား ရောက်တာပဲ ဖြစ်မှာပါ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ဖို့လိုသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံဖို့ မလိုအပ်တဲ့နေရာမှာ နိုင်ငံခြားသားကို လုပ်ကိုင်ခွင့်ပေးရင် ပြည်တွင်း လုပ်ငန်းရှင်တွေကို ထိခိုက်တယ်ဆိုတဲ့ အယူအဆကို နိုင်ငံတိုင်းမှာလည်း လက်ခံ ကျင့်သုံးပါတယ်”ဟု ၎င်းကဆိုသည်။

စက်သုံးဆီ ရောင်းဝယ်ရေးအသင်းက စက်သုံးဆီဈေးနှင့်ပတ်သက်၍ ဖြစ်သင့်သည့်ဈေးထက် လျှော့ချရောင်းသည်ဟု ဆိုသော်လည်း ပြင်ပတွင် ရောင်းဝယ်သည့်ဈေးမှာ သိသိသာသာ ဈေးကျဆင်းသွားခြင်း မရှိကြောင်း အငှားယာဉ်မောင်းများက ပြောကြားသည်။ 

J-13



FOLLOW US