News

POST TAGGED AS

စက်သုံးဆီ

23-Jan-2017

စက်သုံးဆီ
စက်သုံးဆီ လုပ်ငန်းများ အခွန်ပေးဆောင်ခြင်း ရှိ မရှိ စစ်ဆေးမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၃

စက်သုံးဆီ ကုမ္ပဏီများ စာရင်း မည်မျှရှိသည်ကို ပြုစုလျက်ရှိပြီး ယင်းကုမ္ပဏီများ အခွန်ပေးဆောင်ခြင်း ရှိ မရှိ နှင့် ပုံမှန်အခွန် ပေးဆောင်ခြင်း ရှိ မရှိကို စစ်ဆေးဖော်ထုတ်မည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

ပြည်တွင်းကုမ္ပဏီနှင့် လုပ်ငန်းများကို အခွန် စိစစ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ပြီး ယခုလတ်တလော စက်သုံးဆီ လုပ်ငန်းများကို စစ်ဆေးရန် စတင်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“ဒီလုပ်ငန်းတွေပြီးရင် နောက်လုပ်ငန်းတွေကို ထပ်လုပ်ပါမယ်”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

ထိုသို့ အခွန်ပေးဆောင်ခြင်း မရှိသည့် လုပ်ငန်းများကို သတိပေးမှုများ ပြုလုပ်၍ လိုက်နာခြင်း မရှိပါက တည်ဆဲ အခွန်ဥပဒေအရ အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကုမ္ပဏီများ အခွန်ပေးဆောင်ခြင်း ရှိ မရှိ စစ်ဆေးရန်အတွက် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အဖွဲ့ငယ် တစ်ခုဖွဲ့ရန် ပြင်ဆင်ထားပြီး ယင်းအဖွဲ့က လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“ဒီလိုစစ်တော့ လိမ်တဲ့သူတွေ မရှိတော့ဘူးပေါ့။ ဒီတော့ မှန်မှန်ကန်ကန် လုပ်တဲ့သူတွေအတွက် မနစ်နာတော့ဘူးပေါ့”ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောဆိုသည်။

ထိုသို့ စစ်ဆေးခြင်းမှာ ကောင်းမွန်သော်လည်း အစိုးရအနေနှင့် မှန်မှန်ကန်ကန်နှင့် စနစ်တကျ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းမှစတင်၍ မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၀ဝ ခန့်ကို အခွန်ပေးဆောင်ခြင်း ရှိ မရှိ စစ်ဆေးခဲ့ပြီး အခွန် ပေးဆောင်ခြင်း မရှိသည့် ကုမ္ပဏီ ၇၀ စာရင်းကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ထည့်သွင်း ကြေညာခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီသုံးခုက လာရောက် ပေးဆောင်ခဲ့သည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ၂၀၁၄ ခုနှစ်အတွင်းက စက်သုံးဆီဆိုင်များ၏ နေ့စဉ် ရောင်းချသည့် ပမာဏကို သိရှိနိုင်ရန် စောင့်ကြည့် ကင်မရာများ တပ်ဆင်ရန် စီစဉ်ခဲ့သော်လည်း ကုန်ကျစရိတ် များပြားခြင်းကြောင့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

S-04



FOLLOW US