News

POST TAGGED AS

စက်သုံးဆီ

စက်သုံးဆီဈေး ရှစ်နှစ်အတွင်း စံချိန်တင်
ရန်ကုန်၊ မေ ၂၁

စက်သုံးဆီဈေးကွက်အတွင်း ၂၀၁၁ မှ ၂၀၁၈ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၉၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

၂၀၁၁ ခုနှစ်အတွင်းက စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၄၀၀ ခန့်သာရှိခဲ့ရာမှ ယခုအခါ တစ်လီတာလျှင် ၉၁၅ ကျပ်အထိ ဈေးနှုန်းမြင့်တက်လာခဲ့ကြောင်း အဆိုပါဈေးကွက်အတွင်းမှ သိရသည်။

“အရင်က Mops ဈေးကိုက အခုလောက်မရှိဘူးလေ။ Mops ဈေးတက်တော့ ဒီကဈေးကလည်း လိုက်တက်လာတာပေါ့”ဟု မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

စက်သုံးဆီလက်လီဈေးနှုန်းသည် မေလပထမပတ်မှစတင်၍ စင်ကာပူစက် သုံးဆီဈေးနှုန်း (Mops) ဆက်တိုက်မြင့် တက်လာခဲ့ခြင်းနှင့်အတူ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းများ မြင့်တက်လာခဲ့ခြင်းတို့ကြောင့် စံချိန်တင်ဈေးနှုန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီလက်လီဈေးကွက်တွင် ယခုတစ်လအတွင်း စက်သုံးဆီတစ်လီတာလျှင် ၅၅ ကျပ်အထိမြင့်တက်ပြီး Mops ဈေးနှုန်းမှာ ယခုတစ်လအတွင်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇ မှ ၉ ဒေါ်လာအထိ မြင့်တက်လာသည့်အပြင် ပြီးခဲ့သည့်နှစ် မေလအတွင်းကထက် တစ်လီတာလျှင် ၁၅၅ ကျပ်မှ ၂၀၀ ကျပ်အထိ မြင့်တက်ပြီး Mops ဈေးမှာ ယခင်နှစ်ကထက် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၅ မှ ၃၁ အထိ မြင့်တက်လာခဲ့သည်။

ယခုနှစ်ဇန်နဝါရီလအတွင်းက လက်ရှိအစိုးရလက်ထက်အတွင်း စံချိန်တင်ဈေးနှုန်းအဖြစ် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈၅၀ အထိ မြင့်တက်ခဲ့သေးရာမှ ယခုအခါ ယင်းဈေးထက် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေး ဈေးကွက်ကိုပါ ထိခိုက်စေပြီး ကုန်ဈေးနှုန်း မြင့်တက်စေခြင်း၊ တန်ဆာခများ မြင့်တက်ခြင်းနှင့် အငှားယာဉ်ခမြင့်တက်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ အရင်က တစ်ရက်ကို ဆီဖိုး ၇၀၀၀၊ ၈၀၀၀ လောက်ပဲကုန်တာ။ အခုဆို တစ်ရက်ကို တစ်သောင်းခွဲလောက် ကုန်တယ်။ တက္ကစီခကျတော့လည်း ခရီးသည်ဆီက တိုးတောင်းလို့မရဘူးလေ”ဟု အငှားယာဉ်မောင်း ဦးမြင့်ဌေးက ပြောဆိုသည်။ 

စက်သုံးဆီလက်လီဈေးသည် ဒီဇယ်တစ်လီတာလျှင် ၉၀၀ ကျပ်၊ အဆင့်မြင့် ဒီဇယ်တစ်လီတာလျှင် ၉၁၅ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၆၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၉၁၅ ကျပ်ဈေးရှိပြီး ပြည်ပစက်သုံးဆီဈေးသည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၉ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၉၁ ဒေါ်လာကျော်၊ ဒီဇယ်တစ်စည်လျှင် ၉၂ ဒေါ်လာကျော်၊ အဆင့်မြင့် ဒီဇယ်တစ်စည်လျှင် ၉၃ ဒေါ်လာကျော် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မြန်မာ့စက်သုံးဆီဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ပိုမြင့်နေပြီး စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရက စီစဉ်နေကာ ပြည်တွင်းသုံးစွဲမှုအတွက် လိုအပ်သည့် စက်သုံးဆီကို တန်ချိန်သန်းနှင့်ချီ၍ တင်သွင်းသိုလှောင်ထားနိုင်ပါက စက်သုံးဆီဈေးနှုန်းကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း မတ်လ ၇ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။

Mops ဆိုသည်မှာ စင်ကာပူ စက်သုံးဆီဈေးနှုန်းဖြစ်ပြီး မြန်မာနိုင်ငံမှ စက်သုံးဆီများကို စင်ကာပူနိုင်ငံမှတစ်ဆင့် တင်သွင်းရောင်းချနေသည့်အတွက် Mops ဈေးနှုန်းပြောင်းပါက ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းလည်း လိုက်ပါပြောင်းလဲလေ့ရှိသည်။

S-04



FOLLOW US