News

POST TAGGED AS

စက်သုံးဆီ

ခွင့်ပြုချက်မရှိသည့် စက်သုံးဆီဆိုင်များကို ဖမ်းဆီး
ရန်ကုန်၊ မတ် ၃၁ 

လှိုင်သာယာမြို့နယ်၊ အလယ်ရွာ၊ အနော်ရထာလမ်းဘေးတွင် မတ်လ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်က ခွင့်ပြုချက်မရှိဘဲ ဓာတ်ဆီများ ရောင်းချသည်နေသည်ဟုဆိုသော ဓာတ်ဆီဆိုင်တစ်ဆိုင်ကို ဝင်ရောက် ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ မြို့ပတ်လမ်းတွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဦးသည် အထက်ပါနေရာတွင် တရားမဝင် လောင်စာဆီများ သိုလှောင်ရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ ပီပါအပြာရောင်ဖြင့် ထည့်ထားသော ၉၂ ဓာတ်ဆီ ၁၀ ဂါလန်ပါတစ်လုံး၊ အနက်ရောင် ပီပါအခွံလွတ်တစ်လုံး၊ ရောင်းချရာတွင်အသုံးပြုသည့် Do Can Do တံဆိပ်ပါ အပြာရောင်ပန့်စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဓာတ်ဆီ၊ ဒီဇယ်တွေ တရားမဝင် သိုလှောင်ရောင်းချနေတယ် သတင်းရလို့ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးဖမ်းဆီးခဲ့တာ။ မီးဘေးအန္တရာယ် ကြိုတင်တားဆီးတဲ့ သဘောလည်းပါတယ်။ မြို့နယ်ထွေအုပ်ရယ်၊ စည်ပင်၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်း ဖမ်းဆီးတာပါ။ ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၃၀ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က ယင်းမြို့နယ်၊ အမှတ် (၁၅) ရပ်ကွက်၊ ကျန်စစ်သားလမ်းမဘေးရှိ ဓာတ်ဆီအရောင်းဆိုင် တစ်ဆိုင်ကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အပြာရောင်ပီပါဖြင့် ထည့်ထားသော ၉၂ ဓာတ်ဆီပီပါတစ်လုံး၊ အစိမ်းရောင်တစ်လုံးနှင့် အပြာရောင် ပီပါအလွတ်တစ်လုံး၊ ရောင်းချရာတွင် အသုံးပြုသော ပန့်စက်တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သဖြင့် အသက် ၃၇ နှစ်အရွယ် ဆိုင်ပိုင်ရှင်အမျိုးသားကို လှိုင်သာယာမြို့မရဲစခန်းက ရေနံနှင့်ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

J-16



FOLLOW US