News

POST TAGGED AS

စက်သုံးဆီ

ရန်ကုန်တိုင်းအစိုးရ စက်သုံးဆီဆိုင်များဖွင့်ရန် စီစဉ်
ရန်ကုန်၊ မတ် ၇

စက်သုံးဆီဈေးနှုန်းများ လျော့ကျစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စက်သုံးဆီဆိုင်များဖွင့်လှစ်၍ လက်လီရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင်ပြုလုပ်သော ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြားခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မတိုင်မီကအထိ မြန်မာနိုင်ငံတွင် စက်သုံးဆီ တရားဝင်ရောင်းဝယ်ခွင့်ကို အစိုးရကသာ ထိန်းချုပ်လုပ်ကိုင်လာရာမှ ယခုတစ်ဖန် အစိုးရက စက်သုံးဆီဆိုင်များ ပြန်လည်ဖွင့်လှစ်ရောင်းချရန် စီစဉ်လာခြင်းဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်အတွင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကာလ ၂၀၁၀ ပြည့်နှစ် မတ်လ၌ မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၀၀ ကျော်ကို အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ စက်သုံးဆီဈေးကွက်တွင် စက်သုံးဆီ သိုလှောင်နိုင်ခွင့်ရှိသူများ၏ ထိန်းချုပ်မှုအောက်တွင်ပင် ဈေးအတက်အကျ ဖြစ်ပေါ်လျက်ရှိသောကြောင့် တိုင်းအစိုးရက စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချပေးခြင်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။ 

“လောင်စာဆီက မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ပစ္စည်း ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာနဲ့ယှဉ်ရင် ကျွန်တော်တို့ဆီမှာ ဈေးအင်မတန်ကြီးပါတယ်။ ဒီအခြေအနေကို ၂၀၁၈-၁၉ မှာ ပြုပြင်ပြောင်းလဲဖို့အတွက် အစိုးရကိုယ်တိုင် မမြင်ရတဲ့လက်နဲ့ထိန်းဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ထူထောင်ဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စက်သုံးဆီဈေးနှုန်းများကို လျှော့ချနိုင်ရန်အတွက် စက်သုံးဆီများကို အကျဈေးနှင့်ဝယ်ယူ၍ ဂါလန်သန်းနှင့်ချီ သိုလှောင်ထားနိုင်ပါက စက်သုံးဆီဈေးများ ကျဆင်းနိုင်ကြောင်း၊ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးတွင် ဈေးအများဆုံးဖြစ်နေသည့်နိုင်ငံ အဖြစ်မှလည်း ပယ်ဖျက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။ 

လက်ရှိ ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်အရေအတွက်မှာ မြေနေရာအခက်အခဲကြောင့် မန္တလေးမြို့နှင့်နှိုင်းယှဉ်ပါက အင်မတန်နည်းပါးပြီး ရန်ကုန်တိုင်းဒေသကြီးတွင် စက်သုံးဆီဆိုင် အများအပြား ထပ်မံဖွင့်လှစ်၍ရကြောင်း၊ လက်ရှိဖွင့်လှစ်ထားသည့် ဆိုင်များမှာလည်း မြေနေရာကို အခြားနည်းလမ်း သုံးစွဲခွင့် လန (၃၉) မရှိဘဲ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင်များ အများအပြားရှိကြောင်း တိုင်းအစိုးရထံမှ သိရသည်။ 

“စက်သုံးဆီဆိုင်တွေ ဖွင့်ခွင့်ပေးတဲ့နေရာမှာ တိုင်းအစိုးရအနေနဲ့ ကာလကြန့်ကြာတယ်ဆိုတာကို အခုချက်ချင်း လက်ညှိုးထိုးပြလို့ရပါတယ်။ ရန်ကုန်မှာ ဆီဆိုင်ဖွင့်မယ်ဆို ပတ်ဝန်းကျင်ရဲ့ထောက်ခံချက် လိုအပ်ပါတယ်။ အိမ်နားမှာ ဆီဆိုင်လာဖွင့်မှာကို ဘယ်သူကမှ မကြိုက်ပါဘူး။ ဒါကိုကျွန်တော်တို့က သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ပေးနေရတဲ့ အခြေအနေပါ”ဟု ဦးဖြိုးမင်းသိန်းက ရှင်းပြပြောဆိုသည်။ 

ထို့ပြင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိသောကြောင့် ဈေးကွက်ယှဉ်ပြိုင်မှုရှိလာပြီး ထိုက်သင့်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရန် ပြည်ပကုမ္ပဏီများကို ပြည်တွင်းတွင် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပြုမည်ဟု ၂၀၁၇ ခုနှစ်အတွင်းက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ပြောကြားထားပြီးနောက်ပိုင်း နိုင်ငံတကာကုမ္ပဏီများက ပြည်တွင်း စက်သုံးဆီဈေးကွက်သို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက်ရှိသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ စက်သုံးဆီကဏ္ဍတွင် နိုင်ငံတကာအခြေစိုက် ကုမ္ပဏီများဖြစ်သည့် Puma ကုမ္ပဏီ၊ Total ကုမ္ပဏီနှင့် Shell ကုမ္ပဏီတို့က လာရောက်၍ ရင်းနှီးမှုများပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး ပြည်တွင်းကုမ္ပဏီများဖြစ်သည့် Denko၊ Max စက်သုံးဆီဆိုင်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။  

J-11



FOLLOW US