News

POST TAGGED AS

စက်သုံးဆီ

06-Sep-2016

စက်သုံးဆီ
အစိုးရစက်သုံးဆီ လက်ကားဈေနှုန်းမြင့်
ရန်ကုန်၊ စက်တင်ဘာ ၅

အစိုးရ စက်သုံးဆီဈေးနှုန်းများကို ပြင်ပ ပုဂ္ဂလိကဈေးကွက် ပေါက်ဈေးနှုန်းများနှင့်ယှဉ်ပြိုင်နိုင်ရန်Mean of Platt’s Singarepore- MOP’s ဈေးနှုန်းဖြင့် ရောင်းချရာတွင် စက်တင်ဘာလအတွက် လက်ကားပေါက်ဈေးနှုန်းမှာ သြဂုတ်လ ဈေးနှုန်းများထက် မြင့်တက်လာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ရေနံဓာတုဗေဒ လုပ်ငန်းထံမှ သိရသည်။

"သြဂုတ်လနောက်ပိုင်းမှာက  အပြင်မှာ စက်သုံးဆီဈေးနှုန်းတွေက မြင့်လာတယ်။ အဲ့တော့ စက်တင်ဘာလအတွက် ပေါက်ဈေးက ပြောင်းသွားတာပေါ့။ ဈေးကွက် အနေအထားအရ ပြောင်းလဲမှုတွေ ရှိနေတာပါ။ လက်ရှိ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းကလည်း မြင့်နေတယ်" ဟု မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စက်တင်ဘာလအတွက် စက်သုံးဆီများကို ဈေးနှုန်းအရှင်ဖြင့် ရောင်းချရာတွင် ဒီဇယ်ဆီတစ်ဂါလန်ကို ၂၁၅၀ ကျပ်ဖြင့် ရောင်းချနေပြီး စီဂျီအိုတစ်ဂါလန်လျှင် ၁၇၀၀ ကျပ်နှင့် ဆီပြာ တစ်ဂါလန်လျှင် ၁၅၀၀ ကျပ်များဖြင့် ပေါက်ဈေးဖွင့်ခဲ့ပြီး သြဂုတ်လ ဈေးနှုန်းများထက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

သြဂုတ်လအတွင်း ဒီဇယ်ဆီတစ်ဂါလန်လျှင် ၂၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ပြီး စီဂျီအို တစ်ဂါလန်လျှင် ၁၆၀၀ ကျပ်နှင့် ဆီပြာ တစ်ဂါလန်လျှင် ၁၄၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။

အစိုးရ စက်သုံးဆီများကို ဈေးနှုန်းအရှင်များဖြင့် ရောင်းချရာတွင် ဒီဇယ်ဆီ (Diesel)၊ စီဂျီအို CGO (Cooker GasOil) ၊ ဆီပြာ(BlueOil) တို့ကိုသာ ဈေးနှုန်းအရှင်ဖြင့် ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ဈေးနှုန်းအရှင်များဖြင့် ရောင်းချမှုကို ဇူလိုင်လကုန်မှ စတင်ရောင်းချခဲ့ခြင်း ဖြစ်ပြီး စက်သုံးဆီ ဈေးနှုန်းအရှင်များ၏ ပေါက်ဈေးသည် ယခင်ရောင်းချခဲ့သော ဈေးနှုန်းများထက် ကျဆင်းလာခြင်းဖြစ်သည်။ 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသည် ယခင်က  ဒီဇယ်ဆီ (Diesel) တစ်ဂါလန်လျှင် ၂၅၅၀ ကျပ်၊ စီဂျီအို CGO (Cooker GasOil) တစ်ဂါလန်လျှင်၂၇၀၀ ကျပ်၊ ဆီပြာ (BlueOil) တစ်ဂါလန်လျှင် ၂၅၇၀ ကျပ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လကုန်မှစ၍ စက်သုံးဆီ ဈေးနှုန်းအရှင်ဖြင့် ဒီဇယ်ဆီ တစ်ဂါလန်လျှင်၂၀၀၀ ကျပ်၊ စီဂျီအို တစ်ဂါလန်လျှင် ၁၅၅၀ ကျပ်၊ ဆီပြာ တစ်ဂါလန်လျှင် ၁၃၅၀ ကျပ်ဖြင့် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရေနံ ဓာတုဗေဒ ကုန်ထုတ်လုပ်ငန်းက စက်သုံးဆီများကို ဈေးနှုန်းအရှင်များဖြင့် ရောင်းချရာတွင် ဒီဇယ်ဆီကို အနည်းဆုံး ဂါလန်သုံးသောင်းမှ စတင် ရောင်းချပေးပြီး ဆီပြာကို ဂါလန်သုံးထောင်၊ စီဂျီအိုကို ဂါလန် တစ်သိန်းမှ စတင်ရောင်းချ ပေးလျက်ရှိသည်။

စက်သုံးဆီများ၏ ဈေးနှုန်းများသည်  ပြင်ပပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် ဈေးနှုန်းများနှင့် ကွာဟမှုများ ရှိနေသောကြောင့် အစိုးရဝန်ကြီးဌာနများကိုသာ အဓိကရောင်းချပေးနေရကြောင်း၊ ၂၀၁၀ နောက်ပိုင်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို စက်သုံးဆီ ရောင်းဝယ်ခွင့် ပြုပြီးသည့်နောက်တွင် ပုဂ္ဂလိကမှ ဝယ်ယူမှု နည်းလာကြောင်း မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းထံမှ သိရသည်။



FOLLOW US