News

POST TAGGED AS

စက်သုံးဆီ

မူဆယ် ကုန်သွယ်ရေးဇုန်ရှိ ဘဏ်စာရင်းများ တရုတ်ထပ်ပိတ်
ရန်ကုန်၊ အောက်တိုဘာ ၂၁

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်သွယ်မှုပြုလုပ်နေသော ဘဏ်စာရင်းအချို့နှင့် ငွေပို့ငွေလွှဲ ပြုလုပ်နေသည့် ဘဏ်စာရင်းတို့ကို တရုတ်အစိုးရဘက်က ထပ်မံ ပိတ်ပင်လိုက်ပြီး ယင်းသို့ ပိတ်ပင်ရခြင်းမှာ ယခင်ဖြစ်ပေါ်ခဲ့သော အွန်လိုင်း လောင်းကစားကိစ္စများကြောင့် ဖြစ်ဖွယ်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။

လတ်တလော ဘဏ်အကောင့် အပိတ်ခံရမှုများကို ကြားသိနေရသော်လည်း တရုတ်အစိုးရဘက်က တရားဝင် အကြောင်းကြားခြင်း၊ ဘဏ်အကောင့် မည်မျှ ပိတ်ပင်ခံရခြင်း၊ မည်သည့်ဘဏ်အကောင့်များကို ပိတ်ပင်ခြင်းဆိုသည်များကို လတ်တလော မသိရှိရသေးကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့လည်း အဲလိုတော့ ကြားနေပါတယ်။ ပြန်စိစစ်ခိုင်းထားတယ်။ ကျွန်တော်တို့ဆီတော့ တရားဝင် အကြောင်း မကြားသေးဘူး။ ဖြစ်နိုင်တာကတော့ တခြားသူတို့ဘက်က ပြီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီးတော့ ဖြစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ တရားဝင်တော့ ကျွန်တော်တို့ဆီကို အသိမပေးသေးဘူး။ ကျွန်တော်တို့လည်း မေးထားတယ်”ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။

လက်ရှိဘဏ်စာရင်း ပိတ်ပင်ခံရသည်များကို ကြားသိနေရသော်လည်း မည်မျှပမာဏအထိ ပိတ်ပင်ခံရခြင်း၊ မည်သည့်လုပ်ငန်း အမျိုးအစားများကို ပိတ်ပင်ခြင်း ဆိုသည်များကို အတိအကျ သိရှိရခြင်း မရှိသေးကြောင်း မူဆယ် ကုန်စည်ဈေးကွက်အတွင်းမှ ကုန်သည်များက ဆိုသည်။

“ဒီတစ်ခါတော့ ကုန်သည်တွေ သိပ်အများကြီး မပါဘူးထင်တယ်။ ကုန်သည်တွေဆီက ပိတ်တယ်လို့ ပြောသံ ဆိုသံ သိပ်မကြားရသေးဘူး”ဟု မူဆယ် ဈေးကွက်အတွင်းမှ ကုန်သည်တစ်ဦးက ပြောဆိုသည်။

ပထမဖြစ်စဉ်တွင် တရုတ်အစိုးရက လောင်းကစားမှုများကို အွန်လိုင်းပေါ်မှ တရုတ်ဘဏ်များမှတစ်ဆင့် ငွေလွှဲပြောင်းခြင်းများ ပြုလုပ်နေသည်ဟုဆိုကာ ဘဏ်အကောင့်များကို ဇွန်လ ၁၅ ရက်နေ့မှ စတင် ပိတ်ပင်ခဲ့ရာမှ မြန်မာကုန်သည်များ၏ ဘဏ်အကောင့်များ ပါဝင်သွားခြင်းဖြစ်ရာ ယင်းဘဏ်အကောင့်များ ပြန်လည် ဖွင့်လှစ်ပေးရန် ကုန်သည်များက ဆန္ဒပြသည့်နေ့ ဖြစ်သည့် ဇွန်လ ၂၃ ရက်နေ့တွင် အကောင့် ၁၃၂ ခုကို ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။ 

ထိုသို့ဘဏ်အကောင့်များ ပြန်လည် ဖွင့်လှစ်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတစ်ဆင့် အမြန်ဆုံး ဖြေရှင်းပေးရန် စာပေးပို့တောင်းဆိုခြင်း၊ သံအမတ်နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရွှေလီ ဒုတိယ မြို့တော်ဝန်က ယင်းကိစ္စကို အထူးအဖွဲ့ ဖွဲ့၍ လုပ်ဆောင်ခြင်းတို့အပြင် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကလည်း ဝင်ရောက်ညှိနှိုင်းပေးမှုများ ပြုလုပ်ပေး၍ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဘဏ်အကောင့်များ ပိတ်ပင်ခြင်းကြောင့် မူဆယ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ရပြီး ယင်းကြောင့် ကုန်သည်များစွာ၏ စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။

S-04



FOLLOW US