News

POST TAGGED AS

စက်မှုဇုန်

ရန်ကုန်တိုင်းရှိ မြို့နယ် ၁၁ ခုတွင် စက်မှုဇုန် အကောင်အထည်ဖော်ရေးစီမံကိန်း လွှတ်တော်သို့ တင်သွင်း
ရန်ကုန်၊ ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၁၁ ခုတွင် နိုင်ငံတကာအဆင့်မီစက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီရင်ခံစာကို တိုင်းအစိုးရက ဇွန်လ ၅ ရက်တွင် ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

အဆိုပါစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ကိုင်တွယ်မည်ဖြစ်ပြီး မြို့တော်စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၁ ခုတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်ပြင်ပရှိ မြို့နယ်များဖြစ်သည့် ကွမ်းခြံကုန်း၊ ကော့မှူး၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင် စသည့်မြို့ နယ်များရှိ မြေဧက တစ်ထောင်စီတွင် စက်မှုဇုန်များ ဖော်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားသည်။

မြေနေရာရွေးချယ်ရာတွင် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက စိစစ်ခဲ့ပြီးဖြစ်၍ တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် အတည်ပြုချက်ရယူကာ လက်ရှိအစီရင်ခံစာကို ရန်ကုန်တိုင်းလွှတ်တော်တွင် အတည်ပြုပြီးပါက ပြည်ထောင်စုအစိုးရထံတင်၍ ထပ်မံအတည်ပြုသွားမည်ဖြစ်ကြောင်း ဦးမောင်မောင်စိုးက ပြောကြားသည်။

“စီမံကိန်းဧရိယာနေရာများမှာ လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိ၊ မရှိကိုလည်း မြေပြင်ဆန်းစစ်မှုများ လုပ်ဆောင်ပြီးမှ တိုင်းဒေသကြီးလွှတ်တော်ကို အတည်ပြုချက် ရယူခြင်းဖြစ်ပါတယ်။ စီမံကိန်းပြီးစီးပါက ရန်ကုန်မြို့တော်နယ်နိမိတ် မြို့နယ် ၃၃ မြို့နယ်နဲ့ ပြင်ပကမြို့နယ်တွေ ဖွံ့ဖြိုးမှု ကွာဟချက်လျော့နည်းလာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံကိန်းသည် လတ်တလောတွင် ဖြစ်နိုင်ခြေနည်းပါးပြီး စီမံကိန်းပမာဏ ဘတ်ဂျက်နှင့် မည်သို့ဆောင်ရွက်သွားမည့် အသေးစိတ်ကိစ္စရပ်များကို မေးမြန်းရန် လိုအပ်နေသေးကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ်သည်။

“အခုလုပ်မှာကလည်း လယ်ယာမြေတွေ ဖြစ်နေတဲ့အတွက် ဘယ်လိုဆောင်ရွက်လဲဆိုတာတွေ သိရဖို့လိုသေးတယ်။ လျော်ကြေးတွေဘာတွေ အဆင်ပြေရဲ့လားဆိုတာပေါ့။ ပြီးတော့ ဘယ်လိုစက်ရုံတွေကို ခွင့်ပြုမှာလဲ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေ ဘယ်လောက်ရှိလဲဆိုတာ သိဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံကိန်းဆောင်ရွက်မည့်ကိစ္စကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့်မေလအတွင်းက ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင်မှ ရန်ကုန်တိုင်းလွှတ်တော်သို့ အတည်ပြုချက် ရယူခဲ့ခြင်းဖြစ်သည်။

ယခုနောက်ပိုင်းတွင် ရန်ကုန်တိုင်း အစိုးရအနေနှင့် လယ်ယာမြေကို အခြားနည်းလမ်းသုံးစွဲခွင့်ကို ထောက်ခံမပေးတော့ဘဲ အဆိုပါစီမံကိန်း ဧရိယာအတွင်းပါဝင်သည့် လယ်မြေများကို အစိုးရက ၈၀ ရာခိုင်နှုန်း ရယူမည်ဖြစ်ပြီး ပိုင်ဆိုင်သည့် လယ်သမားများကို ၂၀ ရာခိုင်နှုန်း ပြန်လည်ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

အဆိုပါတိုင်းအစိုးရက တင်သွင်းထားသည့်စီမံကိန်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လာရောက်စာရင်းပေးထားရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပြီး လာမည့်လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

J-08



FOLLOW US