News

POST TAGGED AS

စက်မှုဇုန်

စက်မှုဇုန်များရှိ မြေလွတ်များ အကောင်အထည်ဖော်ရန် သတ်မှတ်ချိန်ကျော်ပါက မြေပြန်သိမ်းမည်


ရန်ကုန်၊ မေ ၁၂

စက်မှုဇုန်များအတွင်းရှိ အသုံးမပြုဘဲ ချန်ထားသည့် မြေလွတ်များကို အကောင်အထည်ဖော်ရန် ၂ နှစ်နီးပါးအချိန်ပေးထားပြီး ယင်းအချိန်ကျော်လွန်ပါက ရန်ကုန်တိုင်းအစိုးရအနေနှင့် မြေပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ရန်ကုန်မြို့ စက်မှုဇုန်များအတွင်းရှိ မြေယာများကို ရောင်းချခြင်းများရှိခဲ့ပြီး ယင်းအနက် ၆၀ ရာခိုင်နှုန်းမှာ လုပ်ငန်းလည်ပတ်လျက်ရှိရာ ၄၀ ရာခိုင်နှုန်းမှာ တည်ဆောက်ရန်ပြင်ဆင်နေဆဲနှင့် ခြံခတ်ထားသည့် မြေကွက်များလည်းရှိကြောင်း ၎င်းက ရှင်းပြသည်။

“အသုံးမပြုဘဲ ချန်ထားတဲ့မြေတွေကို စစ်ဆေးပြီး သတိပေးထားတယ်။ မြေပြန်သိမ်းမှာက ချက်ချင်းကြီး လုပ်လို့ မရ သးဘူး။ သူတို့ကို အချိန်ပေးရဦးမယ်”ဟု ၎င်းက ဆိုသည်။

စက်မှုဇုန်များရှိ မြေလွတ်များအား အမှန်တကယ်ရင်းနှီးမြှုပ်နှံသူလက်ထဲ ရောက်ရှိစေရေးအတွက် လက်ရှိအစိုးရ တက်လာခဲ့စဉ်က အသုံးမပြုသည့် မြေစာရင်းများကောက်ခံခဲ့ပြီး အစိုးရသက်တမ်း ၂ နှစ်ကျော်သည်အထိ သိမ်းဆည်းနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်တိုင်းအစိုးရက မြေဈေး ကျဆင်းနေသည်ဟု ဆိုသော်လည်း လက်ရှိ စက်မှုဇုန်များတွင် မြေဈေးကြီးမြင့်ခြင်းနှင့် မြေရှားပါးခြင်းများ ဆက်လက်ဖြစ်ပေါ်နေသေးကြောင်း၊ စက်မှုလုပ်ငန်းများမှာ အများဆုံးရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သော်လည်း ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဝင်ရောက်မှု နည်းပါးနေသေးကြောင်း ရေထွက်ပစ္စည်းလုပ်ငန်းရှင် ဦးဝင်းအောင်က ပြောကြားသည်။

“ဒါက အရင်အစိုးရ လက်ထက်တည်းက မြေသိမ်းမယ်လို့ပြောတယ်။ အဲဒီတုန်းကလည်း စိစစ်တာနဲ့ လုံးလည်ချာလည် ဖြစ်ခဲ့တယ်။ အခုတိုင်းအစိုးရကလည်း စိစစ်တာပဲပြောနေတယ်။ တချို့ဆို ဂိုဒေါင်လေးဆောက်ပြီး ငှားမလိုလို ဘာလိုလိုလုပ်တယ်။ မြေလွတ်တွေ ရှိလာတော့ ကျူးကျော်ပြဿနာတွေလည်း ဖြစ်လာတယ်။ ဒါတွေကို အမြန်ဆုံးကိုင်တွယ်သင့်တယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၂၉ ခုရှိပြီး အထူးစီးပွားရေးဇုန် တစ်ခုရှိကြောင်း၊ ယင်းစက်မှုဇုန်များအတွင်း အသုံးမပြုသည့် မြေကွက်ပေါင်းမှာ ထောင်နှင့်ချီရှိကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-13



FOLLOW US