News

POST TAGGED AS

စက်မှုဇုန်

မန္တလေး စက်မှုဇုန်ရေဆိုးသန့်စင်စက်ရုံ ဒီဇိုင်းပြောင်းဆောက်မည်
မန္တလေး၊ ဧပြီ ၅ 

အမရပူရမြို့နယ်အတွင်းရှိ စက်မှုဇုန်ရေဆိုးသန့်စင်စက်ရုံကို ဒီဇိုင်းအသစ်နည်းပညာအသစ်တို့ဖြင့် ပြောင်းလဲဆောက်လုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။

“စီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ပုံစံရယ် အသုံးပြုတဲ့နည်းပညာတွေ အဆင်မပြေတဲ့အတွက် အခြားနည်းတစ်ခုနဲ့ ပြောင်းလဲအစားထိုးဖို့လုပ်ခဲ့ပါတယ်။ အဲ့ဒီအစားထိုးတဲ့ပုံစံနဲ့ စီမံကိန်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လကစပြီး အကောင်အထည်ဖော်ခဲ့ပေမယ့် မြေသားပြိုကျမှုတွေဖြစ်ခဲ့တဲ့အတွက် ၃၀ ရာခိုင်နှုန်းပြီးစီးချိန်မှာ အဲ့ဒါကိုရပ်နားခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ဧပြီလ ၅ ရက်နေ့ကကျင်းပသည့် ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် နဝမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် အမရပူရမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက စက်မှုဇုန်မှ ရေဆိုးများ စွန့်ပစ်နေမှုကို စည်ပင်က နည်းဥပဒေများအတိုင်း လုပ်ဆောင်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခင်ကဆောက်လုပ်နေသည့် ရေဆိုးသန့်စင်စက်ရုံဆောက်လုပ်ရာ၌ မြေသားကန်များတူးဖော်ပြီးအောက်ခြေ တွင် Polyethylene Sheep ခင်း၍ ရေဆိုးများကို သိုလှောင်ထားရှိရန်ဆောင်ရွက်နေစဉ် မိုးရာသီကာလ၌ မြေသားပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် Polyethylene Sheep များသည်လည်း ကြာရှည်ခိုင်ခံ့မှု မရှိသည့်အတွက် အသုံးမပြုသင့်ကြောင်း တွေ့ရှိရသည့်အတွက် စီမံကိန်း ၃၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် ဒီဇိုင်းနှင့် နည်းပညာပြောင်းလဲရန်ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီထံမှ သိရသည်။

ယင်းရေဆိုးသန့်စင်စက်ရုံကို ၂၀၁၅ ခုနှစ် ဧပြီလက Hydrotek Supreme Mandalay Co., Ltd. က ရေဆိုးသန့်စင်ဆောက်လုပ်ခွင့်ရခဲ့ကြောင်း၊ လက်ရှိတွင် ပြောင်းလဲထားသည့် ဒီဇိုင်းနှင့်နည်းပညာများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့တင် သွင်းမည်ဖြစ်ကာ ကော်မရှင်ကခွင့်ပြုသည်နှင့် လုပ်ငန်းစတင်မည်ဖြစ်ရာ စီမံကိန်းကာလကို တစ်နှစ်ခွဲခန့် သတ်မှတ်ထားကြောင်း၊ ရေဆိုးစွန့်ပစ်သည့်ကုမ္ပဏီများထံမှ ရေဆိုးပြင်းအားပေါ်မူတည်၍ တစ် ကုဗမီတာလျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ မှ ၅ ဒေါ်လာအကြား ကောက်ခံမည်ဖြစ်ကြောင်း ဒေါက်တာရဲလွင်က ထပ်လောင်းပြောကြားသည်။

M-04



FOLLOW US