News

POST TAGGED AS

စကားဝိုင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများ စကားဝိုင်းတွင်ဆွေးနွေးမည်

မန္တလေး၊ ဇူလိုင် ၁၇

မန္တလေးတက္ကသိုလ်၌ ဩဂုတ်လအတွင်း ကျင်းပမည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားဝိုင်းဆွေးနွေးရန် တက္ကသိုလ်ကျောင်းသားလူငယ် ၂၀ ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) တွင် နိုင်ငံတော်အတိုင်ပင်ခံနှင့် ကျောင်းသားလူငယ် သီးသန့်စာပေဆွေးနွေးဝိုင်းတစ်ခု ပါဝင်မည်ဖြစ်ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနိုင်ရန်အတွက် မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၇ ခုမှ လူငယ် ၂၉ ဦးကို ဆန်ခါတင်အဆင့် ရွေးချယ်ခါစာရင်းပေးပို့ခဲ့ကြောင်း၊ ယင်းလူငယ်များနှင့် မန္တလေးရှိ တက္ကသိုလ်အချို့မှ ပါမောက္ခချုပ်များနှင့် ဇူလိုင်လ ၁၄ ရက်နေ့က အလွတ်စကားဝိုင်းတစ်ခု ကျင်းပကာ လူငယ် ၂၀ ဦးကို အပြီးသတ် ရွေးချယ်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။

“နိုင်ငံတော်အတိုင်ပင်ခံရဲ့ စကားဝိုင်းလာမယ်ဆိုပြီးရှိတယ်။ သို့သော်လည်း ဘယ်လောက်သေချာတယ် မသေချာဘူးဆိုတာကတော့ ပြောရခက်တယ်။ လောလောဆယ်အနေအထားက မန္တလေးမှာကျင်းပမယ့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်မှာ နိုင်ငံတော်အတိုင်ပင်ခံ လာမယ်ဆိုတာတော့ ဆရာတို့လည်းသတင်း ရတယ်။ လာမယ်၊ မလာဘူးဆိုတာကတော့ သေချာမပြောနိုင်ဘူး။ ရွေးချယ်ထားပြီးတဲ့ လူငယ်စာရင်းကိုတော့ အဆင့်မြင့်ပညာဦးစီးဌာနကို ပို့ထားပြီးပြီ”ဟု ဒေါက်တာတင်ထွန်းအောင်က ဆက်လက်ပြောဆိုသည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ဖူးသည်။ ဒုတိယအကြိမ်မြောက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို မန္တလေးမြို့တွင်ကျင်းပနိုင်ရန် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးတစ်ရပ် ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတော်တွင် စာပေနှင့်ပတ်သက်သည်များ၊ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားအကြောင်းအရာများ၊ လူငယ်အစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားထားခဲ့သည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကို ဩဂုတ်လ ၁၀ ရက်မှ ၁၂ ရက်နေ့ထိ ကျင်းပရန်လျာထားကြောင်း မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောကြားသည်။ 

မန္တလေးမြို့တော်ရှိ မြို့တော်ခန်းမ (၁) တွင်လည်း ဆွေးနွေးပွဲစကားဝိုင်းမှသည် ငြိမ်းချမ်းရေး ရပ်ဝန်းဆီသို့ဟူသော ပြည်သူ့စကားဝိုင်းတစ်ရပ် ဇူလိုင်လ ၁၈ ရက် (ယနေ့) နံနက်ပိုင်းတွင် ကျင်းပရန်ရှိနေသေးသည်။

 M-05



FOLLOW US