News

မန္တလေးတိုင်းအတွင်း ဆိပ်ကမ်းခွန်ကောက်ရန် တင်ဒါခေါ်


မန္တလေး၊ မတ် ၇

မန္တလေးတိုင်းအတွင်း ဆိပ်ကမ်းအသုံးပြုခ အခွန်ကောက်ခံနိုင်ရန် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောကြားသည်။

မန္တလေးဆိပ်ကမ်း၊ အမရပူရ ဆိပ်ကမ်းနှင့် သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ဆိပ်ကမ်းတို့အတွက် ဆိပ်ကမ်းအခွန်အခ ကောက်ခံနိုင်ရန် တင်ဒါခေါ်ယူခြင်းဖြစ်ပြီး တင်ဒါပုံစံလျှောက်လွှာကို မတ်လ ၇ ရက်နေ့က စတင်ရောင်းချခဲ့ပြီး မတ်လ ၂၃ ရက်နေ့အထိ လက်ခံပေးမည်ဟု ၎င်းက ပြောဆိုသည်။

“၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးကနေစပြီး စည်ပင်ကနေလွဲယူလိုက်ပြီးတဲ့ နောက်ပိုင်း နှစ်တိုင်းတင်ဒါခေါ်တယ်။ မတ်လနောက်ဆုံးပတ်မှာ တင်ဒါဖွင့်မယ်။ တင်ဒါအောင်တဲ့သူကတော့ နောက်လာမယ့် ဘတ်ဂျက်မှာ လုပ်ကိုင်ခွင့်ရသွားမယ်”ဟု ၎င်းက ရှင်းပြသည်။

ယခုအကြိမ် တင်ဒါခေါ်ယူခြင်းသည် ၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလကုန်အထိ) အတွက် တင်ဒါခေါ်ယူခြင်းဖြစ်သည်။ 

ဆိပ်ကမ်းခွန်တင်ဒါကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကစ၍ တင်ဒါခေါ်ယူ ချထားပေးခဲ့ခြင်ဖြစ်ပြီး ၂၂ လမ်း View Point မှ ရှမ်းကလေးကျွန်းအနီး (၂ ဒသမ ၈ မိုင်ခန့်) အထိ မန္တလေးဆိပ်ကမ်း၊ မြို့တော်စည်ပင်သာယာ ဥယျာဉ်အမှတ် (၁) မှ စစ်ကိုင်းတံတား (၃ မိုင်ခန့်) အထိ အမရပူရဆိပ်ကမ်းနှင့် သပိတ်ကျင်းမြို့နယ်မှ ကြာညှပ်ဆိပ်ကမ်းတို့ဖြစ်ကြောင်း၊ မန္တလေးနှင့် အမရပူရဆိပ်ကမ်းတို့အတွက် ယမန်နှစ်က တစ်ဦးစီတင်ဒါအောင်မြင်ခဲ့ပြီး ဆိပ်ကမ်းခွန် သိန်း ၃၀၀၀ ခန့်ရရှိခဲ့ကြောင်း ယင်းဌာနမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် အလျား ၄၄ ပေရှိပြီး တစ်ထပ် မော်တော်ရေယာဉ်များကို ၅၀၀ ကျပ်၊ နှစ်ထပ်ရေယာဉ်များကို ၁၀၀၀ ကျပ်၊ သုံးထပ်ရေယာဉ်များကို ၁၅၀၀ ကျပ်၊ အလျား ၄၄ ပေအထိရှိသည့် ပဲ့ထောင်များကို ၁၀၀ ကျပ်၊ ၄၄ ပေအထက် ပဲ့ထောင်များကို ၁၅၀ ကျပ်၊ အလျားပေ ၁၅၀ အထိရှိသည့် ကုန်တင်တွဲများကို ၅၀၀ ကျပ်၊ ပေ ၁၅၀ မှ ၂၀၀ အထိ ကုန်တင်တွဲများကို ၁၀၀၀ ကျပ်၊ ပေ ၂၀၀ အထက် ကုန်တင်တွဲများကို ၁၅၀၀ ကျပ်၊ ဖောင်နှင့်တုန်ကင်းလှေများကို ၁၀ ကျပ်နှင့် ၁၅ ကျပ်၊ မော်တော်ယာဉ်များကို ၃၀၀ မှ ၁၀၀၀ ကျပ်အထိ အသီးသီးကောက်ခံရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သတ်မှတ်ထားသည်။ 

M-04



FOLLOW US