POST TAGGED AS

ငါးလုပ်ငန်းဦးစီးဌာန

တွံတေးတွင် ငါး၊ ပုစွန်ကုန်ချောထုတ် အအေးခန်းစက်ရုံများ တည်ဆောက်ရန်စီစဉ်
ရန်ကုန်၊ မတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ မြေဧက ၅၀၀ ပေါ်တွင် ငါး၊ ပုစွန် ကုန်ချောထုတ်လုပ်သည့် အအေးခန်းစက်ရုံများ တည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံ ခွင့်ပြုမိန့် တင်ပြတောင်းခံထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းဝင်းမြင့်က ပြောကြားသည်။ 

အဆိုပါမြေဧက ၅၀၀ ပေါ်တွင် အအေးခန်းစက်ရုံများ တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ မွေးမြူရေးလုပ်ငန်းရှင်များက ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြထားခြင်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ထပ်မံတင်ပြထားခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

“တွံတေးက ဧက ၅၀၀ ပေါ်မှာ ကုန်ချောထုတ်ဖို့အတွက် အအေးခန်းစက်ရုံဆောက်ဖို့ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ညှိနှိုင်းပြီး တိုင်းအစိုးရကနေ ပြည်ထောင်စုအစိုးရကို တင်ပြီးပြီ။ ခွင့်ပြုတာက ခွင့်ပြုမှာ။ စစေချင်တာက နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ကတည်းက စစေချင်တာ။ ဧပြီဆို မိုးပြန်ကျတဲ့အတွက် ဒီတစ်နှစ်က ဒီလိုပဲပြီးသွားမှာ”ဟု ဦးထွန်းဝင်းမြင့်က ပြောဆိုသည်။ 

ယင်းအအေးခန်းစက်ရုံများ တည်ဆောက်မည့်စီမံကိန်းကို စတင်ခွင့်ပြုမည့် ကာလမှစတင်၍ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ရန်စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍လည်း ခရမ်း၊ သုံးခွနှင့် ကွမ်းခြံကုန်းမြို့နယ်တို့ရှိ မြေဧက တစ်သောင်းပေါ်တွင် ငါး၊ ပုစွန်မွေးမြူရေးဇုန် ဖော်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

“တိုင်းအလိုက်၊ ပြည်နယ်အလိုက်မှာ ရေချိုပုစွန်မွေးလို့ရတဲ့နေရာမှာ ရေချိုပုစွန်ပေါ့၊ ရေငန်ပုစွန်မွေးလို့ရတဲ့နေရာမှာ ရေငန်ပုစွန်မွေးမယ်။ ရေချို၊ ရေငန်စပ် မွေးလို့ရတဲ့နေရာတွေမှာ ရေချို၊ ရေငန်စပ် ငါးတွေ မွေးမြူထုတ်လုပ်ပြီး ပြည်တွင်းဝင်ငွေနဲ့ အလုပ်အကိုင်ပေါများစေမယ့် အကောင်အထည်ဖော်မယ့် စီမံကိန်းတွေကို စိုက်/မွေး/ဆည် ပြည်ထောင်စုဝန်ကြီးဆီကိုလည်း တင်ပြထားပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။ 

ထို့ပြင် အအေးခန်းစက်ရုံ တည်ဆောက်မည့် မြေနေရာများနှင့် ငါး၊ ပုစွန် မွေးမြူရေးဇုန်များ အကောင်အထည်ဖော်မည့် မြေနေရာများထဲတွင် အချို့မြေနေရာများကို ပိုင်ဆိုင်သည့်လယ်သမားများ ရှိသောကြောင့် လက်ရှိတွင် လယ်သမားများနှင့် ညှိနှိုင်းလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

J-11



FOLLOW US