News

POST TAGGED AS

ငါးဖမ်းလုပ်ငန်း

မွန်ပြည်နယ် ရေချိုငါးဖမ်းပိုက်ချက် တင်ဒါခေါ်ယူမှု လျာထားချက်ထက်ပိုရ
မော်လမြိုင်၊ ဇူလိုင် ၅

မွန်ပြည်နယ် မြို့နယ် ၅ ခုရှိ ရေချိုငါးဖမ်းပိုက်ချက် အထူးတင်ဒါကို ဇူလိုင်လ ၄ ရက်က ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနရုံးတွင် တင်ဒါခေါ်ယူထားရာ သတ်မှတ်ငွေထက် ထက်ဝက်နီးပါးပိုရကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ရောင်းချသည့် အထူးတင်ဒါအတွက် လျာထားငွေမှာ ကျပ်သိန်း ၄၆၀၀ ကျော် ရှိသော်လည်း ပထမအကြိမ် တင်ဒါရောင်းပြီးချိန်တွင် ကျပ်သိန်း ၇၅၈၀ ကျော် ရရှိခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနထံမှသိရသည်။

“အဓိကတော့ တင်ဒါဝယ်တဲ့လူတွေက အပြိုင်အဆိုင် ဆွဲတင်ကြလို့ အခုလို ဈေးမြင့်သွားတာပါပဲ၊ ပြီးခဲ့တဲ့နှစ်က ငါးအထိအမိကောင်းတယ်လို့ သိရတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီး ငါးအထိအမိ ကောင်းနိုင်တယ်ဆိုတဲ့ ဟာမျိုးနဲ့ သူတို့မှန်းဆပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ဆွဲပြီး ငွေကြေးတွေ ပိုပြီးတက်လာတဲ့သဘောပါ”ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ညွန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။ 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်းရှိ ငါးဖမ်းပိုက်ချက် အထူးတင်ဒါကို ပိုက်ကွက်ပေါင်း ၁၁၈ ကွက်ရှိရာ ပထမအကြိမ် တင်ဒါတွင် ပိုက်ကွက်ပေါင်း ၇၈ ကွက် ရောင်းချနိုင်ခဲ့ပြီး အခွန်ဝင်ငွေမှာ သိန်းပေါင်း ၇၅၈၉ သိန်းကျော် ရရှိခဲ့ပြီး ပိုက်ကွက်ပေါင်း ၄၀ ခန့် ကျန်ရှိနေသေးကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရသိရသည်။

“တင်ဒါရောင်းတဲ့ နေရာကတော့ အဓိက သံလွင်မြစ်ဝတို့၊ အတ္ထရံမြစ်တို့ ဒီမြစ်တွေမှာရှိနေတဲ့ ဒီရေအတက်အကျကို ထောင်တဲ့ ကျားဓမင်း အမျိုးအစားပါပဲ၊ ကျန်နေတဲ့ အချက် ၄၀ ကိုလည်း ဒုတိယအကြိမ်၊ တတိယအကြိမ်ဆက်ပြီး ၅ ကြိမ်ခေါ်မယ်၊ ၅ ကြိမ်ပြီးလို့ ကျန်တဲ့ ပိုက်ချက်တွေကိုတော့ ပိတ်ထားရမှာပါ”ဟု ဦးစိုးမြင့်က ပြောသည်။ 

တင်ဒါအောင်မြင်ထားသူများသည် မေလလယ်မှ ဇူလိုင် ၃၁ အထိ သတ်မှတ်ထားသော ငါးမဖမ်းရကာလ ကျော်လွန်မှသာ ငါးစတင် ဖမ်းနိုင်မည်ဖြစ်ကြောင်း၊ ငါးဖမ်းရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်း လိုက်နာရမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်၏ ငါးဖမ်းပိုက်ချက် အထူးတင်ဒါရောင်းချမှု လျာထားချက် ကျပ် သိန်း ၆၉၂၂ သိန်းကျော် လျာထားသော်လည်း တင်ဒါခေါ်ရောင်းချရာတွင် သိန်းပေါင်း ၆၉၆၃ သိန်းကျော်သာ ရရှိသည်။ 

R-21



FOLLOW US