News

POST TAGGED AS

ငါးဖမ်းလုပ်ငန်း

ရေချိုငါးလုပ်ငန်း ဥပဒေ (မူကြမ်း) တွင် အခွန်လွတ် ငါးဖမ်းခွင့်ကိရိယာများ သတ်မှတ်ပါရှိ
တောင်ငူ၊ ဒီဇင်ဘာ၂၆

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရေးရာ ကော်မတီနှစ်ခုက ပြင်ဆင်ရေးဆွဲထားသည့် ရေချိုငါးဖမ်းလုပ်ငန်း ဥပဒေမူကြမ်းတွင် အင်းအိုင်မြစ်ချောင်းများတွင် အခွန်လွတ် ငါးဖမ်းဆီးခွင့်ရရှိမည့် ငါးဖမ်းကိရိယာများကို ထည့်သွင်းရေးဆွဲထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲဝင်းနိုင်က ပြောကြားသည်။

အဆိုပါ ဥပဒေကို ပြင်ဆင်ရေးဆွဲရာတွင် သယံဇာတ မပြုန်းတီးစေရန်၊ တိုးပွားလာသော လူဦးရေနှင့်အညီ စားနပ်ရိက္ခာဖူလုံရေးကို ထည့်သွင်းစဉ်းစားရကြောင်း၊ အထူးသဖြင့် အခြေခံလူတန်းစားများ အဆင်ပြေစေရန် ငါးလုပ်ငန်းဦးစီးဌာနက အခါအားလျော်စွာ အမိန့်ထုတ်ပြန်သော အမိန့်မှအပ မြှုံး၊ ငါးမျှားတံ၊ ရင်ခွဲမြှုံးနှင့် ကိုင်းထောက်ဖမ်းဆီးခြင်း စသည့် အခွန်လွတ် ငါးဖမ်းဆီးခွင့် ၁၆ မျိုးအထိ ပြင်ဆင်ရေးဆွဲထားကြောင်း ၎င်းက ဆိုသည်။ 

တောင်ငူမြို့ ခပေါင်းခန်းမဆောင်တွင် ဒီဇင်ဘာလ၂၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေချိုးငါးလုပ်ငန်း ဥပဒေ (မူကြမ်း) ပြည်သူ့အသံကြားနာပွဲကို ကျင်းပရာ ဥပဒေမူကြမ်းရေးဆွဲရေး ကော်မတီများက ဒေသခံအင်းလုပ်သားများ၊ အင်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ 

အင်္ဂလိပ် အစိုးရခေတ်၊ လွတ်လပ်ရေးရပြီး ခေတ်၊ ဆိုရှယ်လစ်ခေတ် အပါအဝင် ခေတ်အဆက်ဆက်က ရေချို ငါးလုပ်ငန်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရေးဆွဲခဲ့ကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် ခေတ်နှင့်မလျော်ညီတော့သည့် ရေချိုငါးဖမ်းဥပဒေကို ပြင်ဆင်ရန် မူကြမ်းကို ဆဋ္ဌမအကြိမ် တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ကဝမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောသည်။

တင်သွင်းထားသော မူကြမ်းကို ပြည်သူများနှင့် ရေလုပ်ငန်းနှင့် သက်ဆိုင်သော ရေလုပ်သား၊ အင်းသူကြီးများကို လိုက်ခံချပြကာ ဆွေးနွေးနေကြောင်း၊ ထပ်မံဖြည့်စွက်ပြီးပါက တစ်ပြိုင်နက် အတည်ပြုရန် လွှတ်တော်တွင် ထပ်မံတင်သွင်းမည် ဖြစ်ကြောင်း ၎င်းက ပြော ဆိုသည်။ 

ရေချို ငါးဖမ်းဥပဒေ မူကြမ်းတွင် ရေချိုမြစ်ချောင်း အင်းအိုင်များတွင် အဆိပ်ခတ်ငါးဖမ်းခြင်း ဗုံးဖောက်ခွဲဖမ်းဆီးခြင်းနှင့် လျှပ်စစ်ဝါယာရှော့ခ်တိုက် ဖမ်းဆီးခြင်းများကို ပိတ်ပင်ထားပြီး ယခင်ငွေဒဏ်အစား ထောင်ဒဏ်ချမှတ်ရန် ပြင်ဆင်ရေးဆွဲထားပြီး ငါးလုပ်ငန်းဦးစီးဌာနမှ အခါအားလျော်စွာ ဥပဒေထုတ်ပြန်ခြင်းကို ထည့်သွင်းရေးဆွဲထားကြောင်း ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေမှာ ယခင်လွှတ်တော်သက်တမ်း ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေကို လက်ရှိအချိန်၊ ဒေသအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြန်လည် ပြင်ဆင်ရေးဆွဲခြင်းဖြစ်ကြောင်း၊ ဒီဇင်ဘာ လဒုတိယပတ်မှစတင်ကာ  မြို့နယ် အလိုက် ပြည်သူ့အသံကြားနာပွဲများ ပြုလုပ်နေ ကြောင်း ပဲခူးတိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေပြုရေးကော်မတီထံမှ သိရသည်။ 

R-15




FOLLOW US