News

POST TAGGED AS

ငါးဖမ်းယာဉ်

ငါးဖမ်းရေယာဉ်ကြီးများ ကမ်းနီး၌ တရားမဝင်ငါးဖမ်းနေခြင်းကို ထိရောက်စွာအရေးယူရန် လွှတ်တော်တိုက်တွန်း
စစ်တွေ၊ ဩဂုတ် ၂၂

ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းဝေး ငါးဖမ်းရေယာဉ်ကြီးများသည် ကမ်းခြေနှင့် နီးကပ်စွာ တရားမဝင် ငါးဖမ်းဆီးနေခြင်းကို ထိရောက်စွာအရေးယူရန် လိုအပ်နေကြောင်း ပြည်နယ်အစိုးရကို ရခိုင်ပြည်နယ်လွှတ်တော်က တိုက်တွန်းလိုက်သည်။

ပေါက်တောမြို့နယ်၌ ကမ်းဝေးငါးဖမ်း ရေယာဉ်ကြီးများ ကမ်းခြေအနီးတွင် တရားမဝင် ငါးဝင်ရောက် ဖမ်းဆီးနေကြ၍ ဒေသခံရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပျက်စီးပြီး ငါးဖမ်းဆီးရရှိမှုမရှိခြင်း ဖြစ်ပေါ်နေရကြောင်း ယင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဦးအောင်ကျော်ထွီးက ပြောကြားသည်။

ကမ်းဝေးရေယာဉ်ကြီးများ တရားမဝင် ငါးဖမ်းဆီးခြင်းကို ထိရောက်စွာ တားဆီးပေးရန် ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက ပေါက်တောမြို့နယ် ဒေသခံရေလုပ်သား ၄၅ ဦးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို တိုင်ကြားစာပို့ခဲ့ခြင်းနှင့် ပတ်သက်ပြီး ၂၀၁၈ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဦးအောင်ကျော်ထွီးက ယင်းသို့တရားမဝင်ငါးဖမ်းခြင်းများကို အစိုးရအနေနှင့် တားဆီးပေးနိုင်ခြင်း ရှိမရှိ မေးမြန်းခဲ့သည်။

ရေယာဉ်ကြီးများ ကမ်းနီးအတွင်း တရားမဝင်ငါးခိုးဖမ်းမှုမရှိစေရန် ပြည်ထောင်စုအစိုးရက တပ်မတော်ရေနှင့် တပ်မတော်ကြည်းတို့ကို တာဝန်ပေးအပ်ထားသည့်အတွက် ထိန်းသိမ်းဆောင်ရွက်နေပြီး ငါးလုပ်ငန်းဦးစီးဌာနအနေနှင့်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တို့နှင့် ပူးပေါင်းကာ ကင်းလှည့်ခြင်း၊ စစ်ဆေးတားဆီး အရေးယူဆောင်ရွက်ခြင်းများ ရှိကြောင်း ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြန်လည်ဖြေကြားခဲ့သည်။

“လက်တွေ့မှာကျတော့ စာမှာပဲ ရှိတယ်။ အဲ့လိုဖမ်းနေရင် ဒီငါးဖမ်းယာဉ်တွေရဲ့ မျှောပိတ်တွေကို ဘာလို့နင်းပြီးသွားနေရတာလဲ။ ဒါတစ်ကြိမ် မဟုတ်ဘူး။ ညွှန်ကြားစာရှိရင် ရှိသလို ဥပဒေဘောင်ထဲက သေသေချာချာ တိတိကျကျနဲ့ စာရွက်အပေါ်မှာမဟုတ်ဘဲ လက်တွေ့ဆောင်ရွက်ပေးပါ” ဟု ထိုသို့ဖြေကြားခဲ့ခြင်းနှင့်ပတ်သက်၍ ဦးအောင်ကျော်ထွီးက ပြောဆိုသည်။

အဆိုပါ ကမ်းဝေးရေယာဉ်ကြီးများ ကမ်းနီး၌ ငါးခိုးဖမ်းခြင်းသည် ရေပြင်တွင် အမှန်ဖြစ်နေသည့် အရာတစ်ခုဖြစ်ပြီး တပ်မတော်ရေဘက်ကလည်း ထိရောက်စွာ မလုပ်ဆောင်နိုင်သည့်အတွက် ပြည်နယ်အစိုးရအနေနှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက တိုက်တွန်းပြောကြားသည်။

R-22



FOLLOW US