News

POST TAGGED AS

ငါးဖမ်းယာဉ်

17-Jun-2018

ငါးဖမ်းယာဉ်
ငါးဖမ်းရေယာဉ်များ ပင်လယ်လိပ်ထွက်ပေါက် မတပ်ပါက အရေးယူမည်
ရန်ကုန်၊ ဇွန် ၁၆

လိပ်မျိုးပြုန်းတီးမှုကို ကာကွယ်ရန်အတွက် ကမ်းဝေးတရွတ်ဆွဲနှင့် ဘုံကျောင်း ကျားပိုက် ငါးဖမ်းရေယာဉ်များတွင် ပင်လယ်လိပ် လွတ်မြောက်ရေးကိရိယာ (Turtle Excluder Device –TED) တပ်ဆင်အသုံးမပြုသည်ကို စစ်ဆေးတွေ့ရှိပါက ငါးဖမ်းရေယာဉ်လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးဖမ်းလိုင်စင်ရယူ၍ ကမ်းဝေးငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ကြသည့် တရွတ်ဆွဲပိုက် ငါးဖမ်းကိရိယာနှင့် ဘုံကျောင်းကျားပိုက် ငါးဖမ်းကိရိယာ များအားလုံး TED ကို ၂၀၁၈-၁၉ ငါးဖမ်းရာသီတွင် နောက်ဆုံးထား၍ တပ်ဆင်အသုံးပြုရမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှသိရသည်။ 

လက်ရှိတွင် မေလ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၅ ရက်နေ့အထိကို ငါးမဖမ်းရ ကာလအဖြစ်သတ်မှတ်ထားပြီး ကမ်းဝေး ငါးဖမ်းရေယာဉ်များ အားလုံးကို ငါးဖမ်းခွင့် ၃၀ ရာခိုင်နှုန်းခွင့်ပြုထားကာ ဩဂုတ်လ ၁၆ ရက်နေ့မှစကာ ၂၀၁၈-၁၉ ငါးဖမ်းရာသီသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ 

တရွတ်ဆွဲပိုက်နှင့် ဘုံကျောင်း ကျားပိုက်ကိရိယာသုံး ကမ်းဝေးငါးဖမ်းရေ ယာဉ်များတွင် TED မတပ်ဆင်ကြောင်း စစ်ဆေးတွေ့ရှိပါက ယင်းငါးဖမ်းရေယာဉ်ကို ပထမအကြိမ်တွင် ဒဏ်ငွေကျပ် ငါးသိန်း၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေနှစ်ဆနှင့် တတိယအကြိမ်တွင် ငါးဖမ်းရေယာဉ် လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

“အစာကနေ မွေးတဲ့အထိ Food Safety ဖြစ်အောင်လုပ်ရမယ်။ ဒါတွေမပါရင် နောက်ဆို အိတ်စ်ပို့လုပ်လို့မရဘူး။ အခုလည်း TED မတပ်ဘူး။ ဒါကြောင့်အခုထိ သဘာဝကဖမ်းတဲ့ပုစွန် အမေရိကန်ကို ပို့လို့မရဘူး။ ဒီကိရိယာက ဘာမှလည်း အပန်းကြီးတာမဟုတ်ဘူး”ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။ 

ပုစွန်ဆွဲပိုက်လုပ်ငန်းများကြောင့် ပင်လယ်လိပ်များ အသတ်ခံရခြင်းမှ ကာကွယ်ရန်အတွက် အမေရိကန်ပြည်ထောင်စုက ပုစွန်ဆွဲပိုက်များတွင် TED တပ်ဆင်ရန် တိုက်တွန်းဆောင်ရွက်နေခြင်းဖြစ်ပြီး ငါး၊ ပုစွန်ဖမ်းပိုက်များတွင် TED မတပ်ဆင်မှုကြောင့် လက်ရှိအချိန်အထိ အမေရိကသို့ သဘာဝမှဖမ်းဆီးရရှိသည့် ပုစွန်များတင်ပို့ခွင့်မရှိကြောင်း၊ TED တပ်ဆင်ရန် ပူးပေါင်းဆောင်ရွက်ပေးရန်အတွက်လည်း ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြထားကြောင်း ယင်းအသင်းထံမှသိရသည်။ 

J-11



FOLLOW US