News

POST TAGGED AS

ငါးဖမ်းခွင့်ပိတ်

ယခုနှစ် ငါးမဖမ်းရကာလ၌ ပင်လယ်ပြင်ငါးဖမ်းခွင့် လုံးဝပိတ်


ရန်ကုန်၊ မတ် ၈

ယခင်နှစ်များက ငါးမဖမ်းရကာလတွင် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ကမ်းဝေးငါးဖမ်းရေယာဉ်များကို ရာခိုင်နှုန်းတစ်ခုသတ်မှတ်၍ ငါးဖမ်းခွင့်ပြုခဲ့သော်လည်း ယခုနှစ်၌ ငါးဖမ်းခွင့်လုံးဝပိတ်ပင်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

၂၀၁၈ ခုနှစ်အတွက် ငါးမဖမ်းရကာလအဖြစ် မေလ ၁၆ ရက်နေ့မှစကာ ဩဂုတ်လ ၁၅ ရက်နေ့အထိ သုံးလတာ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။ 

ငါးမဖမ်းရကာလကို ငါး၊ ပုစွန်သားပေါက်ပွားသည့်ရာသီကို သတ်မှတ်ခြင်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ပြည်တွင်း၊ ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံးကို ငါးဖမ်းဆီးခြင်းမပြုလုပ်ရန် တားမြစ်ထားကြောင်း၊ ငါးမဖမ်းရဧရိယာအဖြစ် တစ်နိုင်ငံလုံးရှိ ငါးဖမ်းကွက်စုစုပေါင်း ၁၄၀ လုံးကို ငါးမဖမ်းရဧရိယာများအဖြစ် ယခုနှစ်တွင် သတ်မှတ်ခြင်းဖြစ်သည်။ 

“အခု ဒီနှစ်မှာ ငါးဖမ်းကွက် ၁၄၀ လုံးကို ငါးမဖမ်းရဧရိယာအဖြစ် သတ်မှတ်တာပါ။ အရင်ကတော့ ငါးမဖမ်းရကာလမှာ ကမ်းဝေးငါးဖမ်းရေယာဉ်တွေကို ရာခိုင်နှုန်းတစ်ခုနဲ့ ခွင့်ပြုပေးခဲ့တယ်။ ဒီနှစ်မှာ လောလောဆယ်တော့ လုံးလုံးပိတ်ထားတယ်။ ဒီနေ့လည်း လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးနေတယ်။ ဘယ်လိုဖြစ်ဦးမလဲတော့ မသိသေးဘူး။ ဒါပေမဲ့ လုံးလုံးပိတ်ဖို့ပဲ များပါတယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။ 

ငါးမဖမ်းရရာသီ စတင်သတ်မှတ်သည့် ၂၀၁၀ ပြည့်နှစ်ကတည်းကပင် ငါးမဖမ်းရကာလတွင် ငါးဖမ်းခွင့်ကို ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံး၏ ၇၅ ရာခိုင်နှုန်း၊ ၆၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့်ငါးဖမ်းခွင့်ကို လျှော့ချသတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ငါးဖမ်းခွင့်ကို လုံးဝမပေးဘဲပိတ်ပင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ခြင်းဖြစ်သည်။ 

၂၀၁၃ ခုနှစ်က နော်ဝေသုတေသန ရေယာဉ်၏ မြန်မာ့ပင်လယ်ပြင်တွင် တည်ရှိသည့် ငါးသယံဇာတ အခြေအနေတိုင်းတာချက်အရ ရေပေါ်ငါး ၁၀ ရာခိုင်နှုန်းနှင့် ရေအောက်ငါး ၃၀ ရာခိုင်နှုန်းသာကျန်ရှိပြီး ရေပေါ်၊ ရေအောက်ငါး ၆၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသည့် သုတေသနရလဒ်အရ ငါးဖမ်းခွင့်ကို လျှော့ချသတ်မှတ်ပေးခြင်းဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ 

ငါးမဖမ်းရကာလတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံးကို ငါးဖမ်းခွင့်သုညရာခိုင်နှုန်း (ငါးဖမ်းခွင့်လုံးဝပိတ်) သတ်မှတ်ပေးခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းက မတ်လ ၉ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။ 

“လုပ်ငန်းရှင်တွေကတော့ သူတို့အခက်အခဲ သူတို့တင်ပြတာပေါ့။ သူတို့တင်ပြတာကိုလည်း ကြည့်ရမှာပေါ့။ အရင်နှစ်တွေကလည်း သူတို့ကို လိုက်လျောပေးခဲ့ပြီးပြီ။ ရာခိုင်နှုန်းတစ်ခုနဲ့ ခွင့်ပြုပေးခဲ့တာ ငါးနှစ်၊ ခြောက်နှစ်လောက် ရှိသွားပြီ”ဟု ဦးမြင့်ဇင်ထူးက ဆက်လက်ပြောဆိုသည်။

J-11



FOLLOW US