News

POST TAGGED AS

ငလျင်

06-Jul-2018

ငလျင်
မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ငလျင်လှုပ်
ရန်ကုန်၊ ဇူလိုင် ၅

မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၃ နာရီ ၄ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသော မြေငလျင်လှုပ်ခတ်ခဲ့သော်လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ထားခြင်း မရှိပေ။ 

အဆိုပါငလျင်သည် ရန်ကုန်မြို့၊ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် ၁၅၆ မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အင်အားရစ်ခ်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲထံမှ သိရသည်။

“ဆူနာမီဖြစ်ဖို့က အင်အားပြင်း ငလျင်ဖြစ်ရမယ်။ ပင်လယ်ရေအောက်အနက် တိမ်ရမယ်။ အခုဟာကတော့ အင်အားအသင့်အတင့်ဆိုတော့ ဆူနာမီအတွက် မစိုးရိမ်ရဘူး”ဟု အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောဆိုသည်။

ကပ္ပလီပင်လယ်ပြင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက အင်အား ရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိသော အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ယင်းနေ့ညနေ ၅ နာရီခွဲကျော်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပြင်စလူမြို့၊ မြန်မာ့ကမ်းရိုးတန်းအနီး၌ အင်အားရစ်ခ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ရာ ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ်အချို့တွင် နေထိုင်သူများ သိသာစွာခံစားခဲ့ရသည်။

E-03



FOLLOW US