News

POST TAGGED AS

ငလျင်

19-Jun-2018

ဂျပန် ငလျင်
ဂျပန်တွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်၊ လူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများရှိ


တိုကျို၊ ဇွန် ၁၈

ဂျပန်နိုင်ငံ အနောက်ဘက်ဒေသရှိ အိုဆာကာမြို့တွင် တနင်္လာနေ့ နံနက်ပိုင်း ရုံးသွားရုံးလာချိန်၌ အင်အားပြင်းထန်သည့် မြေငလျင်ကြီး လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အမြောက်အမြား ဒဏ်ရာရရှိသွားကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

အဆိုပါ မြေငလျင်သည် ပြင်းအား ၆ ဒသမ ၁ ခန့်ရှိရာ ၁၉၂၃ ခုနှစ်နောက်ပိုင်း အိုဆာကာမြို့အတွက် အင်အားအပြင်းထန်ဆုံး မြေငလျင်ဖြစ်သည်။ 

အသက် ၈၀ ကျော်အရွယ်ရှိပြီဖြစ်သော အမျိုးသားနှစ်ဦးမှာ အီဘာရာကီတွင် သေဆုံးခဲ့ပြီး၊ တာကာဆူကီတွင်မူ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မြေငလျင်ကြောင့် သေဆုံးသွားသည်ဟု ဂျပန်မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ၏ အဆိုအရသိရသည်။ 

မြေငလျင်ကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကမောက်ကမဖြစ်ခဲ့ရသည်။ မီးပြတ်တောက်သွားခြင်းကြောင့် မီးရထားများ ရပ်တန့်သွားသည်။ ငလျင်သည် နံနက် ၈ နာရီအချိန်တွင် လှုပ်ခတ်ခြင်းဖြစ်သောကြောင့် ရုံးသွားရုံးလာများ မီးရထားများပေါ်တွင် အခက်ကြုံခဲ့ကြရသည်။ 

ထို့ပြင် ဓာတ်လှေကားများထဲတွင် ပိတ်မိသူအတော်များများရှိခဲ့ကြောင်း၊ ငလျင်ကြောင့် ပြတင်းပေါက်မှန်များကွဲထွက်ခဲ့သလို မီးလောင်ကျွမ်းမှုများလည်း ပေါ်ပေါက်ခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ 

ငလျင်မှာ အင်အားပြင်းထန်သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ရသည်အထိ မဖြစ်ခဲ့ပေ။ 

အိုဆာကာမြို့တွင်းနှင့် မြို့အနီးတစ်ဝိုက်ရှိ မီးရထားများ၊ မြေအောက်ရထားများ (မြို့တော် တိုကျိုသို့ပြေးဆွဲသည့် ကျည်ဆန်ရထားအပါအဝင်) ကို ပြေးဆွဲမှု ဆိုင်းငံ့ခဲ့ရကြောင်း၊ အကြောင်းမှာ ငလျင်ကြောင့် ရထားလမ်းများနှင့် အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးမှု ရှိ မရှိ စစ်ဆေးရသောကြောင့်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဆိုသည်။ 

သို့သော် အီဘာရာကီစီတီတွင် ဘုရားကျောင်းတစ်ခု ပြိုကျသွားခဲ့သည်။ မိုးလေဝသဌာနကမူ ၂ ရက်မှ ၃ ရက်အတွင်း နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်လာနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။ 

ဂျပန်နိုင်ငံတောင်ပိုင်း ကူမန်မိုတိုတွင် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ပြင်းအား ၇ ရှိသည့် မြေငလျင်ကြီးမလှုပ်မီ ၆ ဒသမ ၂ ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ အဆိုပါ ပြင်းအား ၇ ငလျင်ကြောင့် ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့သည်။ 

၁၉၉၅ ခုနှစ်ကမူ အင်အား ၆ ဒသမ ၉ ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းကြောင့် အိုဆာကာမြို့၏ အနောက်ဘက် ၃၀ ကီလိုမီတာအကွာတွင် တည်ရှိသော ကိုဘေးမြို့တွင် လူ ၆၀၀၀ ကျော်သေဆုံးခဲ့ရသည်။ 

အိုဆာကာမြို့မှာ ကုန်ထုတ်လုပ်မှုအတွက် အခရာကျသည့် မြို့ဖြစ်ပြီး Panasonice နှင့် Nintendo အပါအဝင် နာမည်ကျော်ကုမ္ပဏီကြီးများ၏ ရုံးချုပ်များလည်းရှိသည်။ ယခုလှုပ်ခတ်သွားသော ငလျင်ကြောင့် Honda၊ Mitsubishi နှင့် Toyota တို့၏ ကားထုတ်လုပ်ရေးစက်ရုံများ ရပ်ဆိုင်းခဲ့ရသည်။

F-01



FOLLOW US