News

POST TAGGED AS

ငလျင်

25-Aug-2016

ပုဂံ ငလျင်
ချောက်အနီး ဗဟိုပြု အင်အားပြင်းငလျင်လှုပ်၍ လူသုံးဦးသေဆုံး၊ ပုဂံဘုရားအဆူ ၁၀၀ နီးပါး ပျက်စီး
မကွေးတိုင်းဒေသကြီး ချောက်မြို့ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၄ မိနစ်က  လှုပ်ခတ်သွားခဲ့ရာ ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် နာမည်ကြီး စေတီပုထိုး ၉၄ ဆူခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဓမ္မရံကြီးစေတီတော် ဘုရားမုခ်ဦး ပြိုကျခြင်း၊  ထီးလိုမင်းလို စေတီတော် ထီးတော်ပြိုကျခြင်း၊ မြစေတီဘုရား စိန်ဖူးတော် ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေ ကွာကျခြင်း၊ တဘက်ကျစေတီ ထီးတော် မြေခခြင်းနှင့် အခြား အမည်မသိ ဘုရားများ ပျက်စီးဆုံးရှုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျက်စီးသွားသည့် ဘုရားအများစုသည် ငလျင်ဒဏ်ကြောင့် ထိပ်ပိုင်းမှ ပဲ့ကျသွားခြင်းဖြစ်ပြီး အချို့ဘုရားများမှာ ပျက်စီးမှု ကြီးမားခဲ့ကြောင်း ပုဂံ ချစ်သူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"တော်တော်များများ ကျွန်တော်တို့ ပတ်ကြည့် သလောက်တော့ ဘုရား ၅၀ ကျော်လောက် ပျက်စီးတယ်ပေါ့။ မှောင်နေလို့ ချောင်ထဲက ဘုရားတွေရဲ့ အခြေအနေကိုတော့ မသိရသေးဘူးပေါ့။ မနက်ကျမှ ထပ်သွားကြည့်ဖို့ ရှိပါတယ်" ဟု ၎င်းက ဆိုသည်။

ယင်းအပြင် နာမည်ကြီး စူဠာမဏိဘုရား ပျက်စီးခြင်း၊ ဓမ္မရာဇကဘုရား ထီးတော်ပြုတ်ကျခြင်း၊ စွယ်တော်လေးဆူတွင် ပါဝင်သည့် လောကနန္ဒာ ဘုရား စိန်ဖူးတော် ပြုတ်ကျခြင်း စသည့် ပျက်စီးမှုများလည်း ရှိကြောင်း ပုဂံချစ်သူများ အသင်းထံမှလည်း သိရသည်။ 

"ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာ စေတီ၊ ဘုရား၊ ပုထိုးတွေ ထိခိုက်ပျက်စီးတာ တော်တော်များပါတယ်။ ထီးလိုမင်းလို၊ ပြာသာဒ်ကြီး၊ စူဠာမဏိ၊ လောကထိပ်ပန်၊ လောကဥသျှောင်၊ မြေပုံသာ၊ ရွှေဆံတော် စတဲ့ စေတီတွေ ထိခိုက်ပျက်စီးမှုရှိတယ်" ဟု ပုဂံ ညောင်ဦးမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောကြားသည်။ 

"အခုဌာနဆိုင်ရာတွေနဲ့ ငလျင်နဲ့ ပတ်သက်ပြီး အရေးပေါ် အစည်းအဝေး လုပ်နေပါတယ်။ လက်ရှိ အချိန်ထိ ပျက်စီးတဲ့ စေတီပုထိုးတွေ စာရင်း ကောက်ယူတာ ၈၀ ကျော်ပါတယ်" ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ  ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

ထီးလိုမင်းလို စေတီတော် ထီးတော် ပြိုကျခြင်း၊ ဓမ္မရံကြီးဘုရား မုခ်ဦးပြိုကျခြင်း၊ ငါးမျက်နှာဘုရား အနည်းငယ်ပျက်စီးခဲ့ကာ ဘုရားအမှတ် ၁၆၁၆ ပျက်စီးခြင်း၊ ခေမိန္ဒဘုရားပျက်စီးခြင်း၊ မြစေတီ စိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေ ကွာကျခြင်း၊ တဘက်ကျစေတီ ထီးတော်မြေခခြင်းနှင့် အမည်မသိဘုရားအချို့ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။  

ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဓမ္မရံကြီး၊ ထီးလိုမင်းလိုစေတီတော် ကွမ်းတောင်များ ပြိုကျခဲ့ကာ မြန်မာစံတော်ချိန် ညနေ ၆ နာရီ ကျော်သည်အထိ ကောက်ယူထားသည့် စာရင်းများအရ ဘုရားပုထိုး ၆၅ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆက်လက် စစ်ဆေးနေကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စူဠာမုဏိစေတီ တတိယပစ္စယံ ပြိုကျ၊ ရွှေစည်းခုံ စေတီ ထီးတော်နှင့်ပန်းလည်တိုင် ယိုင်သွားခဲ့ပြီး ရွှေစည်းခုံစေတီ ရာဟုထောင့်တွင် အက်ကြောင်း ဖြစ်ခဲ့ကာ အာနန္ဒာစေတီ ပန်းလည်တိုင် ယိုင်သွားခဲ့ကြောင်း၊ သဗ္ဗညုစေတီ ထီးတော် ယိုင်ခဲ့သည့်အပြင် အထက်ပစ္စယံ အက်ကြောင်းဖြစ်ပေါ်နေပြီး မနုဟာစေတီ အ၀င်မုခ်ဦး ယိုင်ခဲ့၍ ထီးလိုမင်းလိုစေတီ မြေခခဲ့ကြောင်း၊ ဓမ္မရံကြီးစေတီ၊ ငါးမျက်နှာစေတီ၊ ဆခမိန္ဒ စေတီ၊ မြစေတီ၊ ဓမ္မရာဇကစေတီ၊ ရွှေစေတီတို့၏ ထီတော်နှင့် စိန်ဖူးတော်များ ပြုတ်ကျကာ ဘုရားအမှတ် ၁၆၈၆၊ ၁၃၂၇၊ ၁၃၂၆ တို့ အနည်းငယ် ပျက်စီးသွားကြောင်း  ညောင်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်ထူးမောင်က  ပြောကြားသည်။

အဆိုပါ မြေငလျင်သည် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင်ခန့် ကွာဝေးသည့် ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာ ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အင်အားပြင်း မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ ပုသိမ်၊ ပခုက္ကူ၊ စစ်တွေ၊ တောင်ကြီး၊ ညောင်ဦး၊ ချောက်နှင့် ရေနံချောင်း အစရှိသည့် မြို့များတွင် ခံစား သိရှိလိုက်ရသည့်အပြင် မြေငလျင်ဒဏ်ကြောင့် အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး စေတီပုထိုးအချို့ ပြိုကျပျက်စီးကာ စိန်ဖူးတော်များ မြေခခဲ့ရကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

"ငလျင်က လှုပ်တာ တော်တော်လေး အင်အားပြင်းတယ်။ သိမ့်ခနဲ တိုက်တစ်ခုလုံး လှုပ်သွားပြီး မူးသွားတဲ့အပြင် ရေကန်ထဲက ရေတောင် ဘောင်ဘင် ခတ်သွားတယ်" ဟု ရန်ကုန်မြို့ တာမွေမြို့နယ် အထပ်မြင့်တိုက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက ငလျင်ကြောကြီးများဖြစ်သော ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော ၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင် ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြောဟူ၍ ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ်အနေနှင့် အပျက်အစီး ဆုံးရှုံးမှု များပြားသည့်နေရာမှာ စစ်ကိုင်း ငလျင်ကြောပင်ဖြစ်ကြောင်း မြေငလျင်ကော်မတီ မှတ်တမ်းများအရ သိရသည်။

ယခုအခါ ယင်းကဲ့သို့ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော် ရှိလာပြီဖြစ်ရာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိထ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့အပါအဝင် မြို့ ကြီးများမှာ အင်အားပြင်း မြေငလျင် တစ်ဖန်ပြန်လည် လှုပ်ခတ်နိုင်သည့် အန္တရာယ်ရှိကြောင်း မြေငလျင်ကျွမ်းကျင် ပညာရှင်များက သတိပေးပြောကြားထားသည်။

စစ်ကိုင်းပြတ်ရွေ့မှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးကို ဗဟိုပြု၍  အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ရွှေဘို မြေငလျင်နှင့် အင်အား ၅ အဆင့်ရှိ သပိတ်ကျင်း မြေငလျင် လှုပ်ခတ်ခဲ့ရာ လူ ၁၀ ဦး ကျော် သေဆုံးပြီး ၃၆ ဦးခန့် ဒဏ်ရာရရှိခဲ့သည့်အပြင် အဆောက်အအုံများ၊ တံတားများနှင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့ရသည်။

ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများ
( က) လူတစ်ဦးသေဆုံးသည့် ပခုက္ကူ
ပခုက္ကူမြို့နယ် ကွန်းရွာကျေးရွာအုပ်စုရှိ သက်တမ်း နှစ် ၈၀၀ ခန့်ရှိသော ရွှေတန့်တစ်စေတီ၏ ပြာသာဒ် အရှေ့ဘက်ခြမ်းမှ ခြင်္သေ့ပျက်စီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များအတွင်း၌ အမှတ် ၁ ရပ်ကွက်ရှိ ရွှေမုဋ္ဌောစေတီ စိန်ဖူးတော် အထက်ပစ္စယံသို့ ပြုတ်ကျခဲ့ကြောင်း၊ အမှတ် ၂ ရပ်ကွက်ရှိ မင်္ဂလာရုပ်စုံ ကျောင်းဝင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင်နှင့် ကျောင်းထိုင်ဆရာတော် သီတင်းသုံးသော ကျောင်း ဆောင်နှင့် နံရံများ ပြိုကြခဲ့ကြောင်း၊ အမှတ် ၅ ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်၊ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၁၃ ရပ်ကွက်၊ အမှတ် ၁၄ ရပ်ကွက် အမှတ် ၁၅ ရပ်ကွက်တို့ရှိ စေတီများ၊ ဘုရားကျောင်းဆောင်များ၊ ဘုရား အုတ်တံတိုင်းများ ပြိုကျပျက်စီးခဲ့ကာ အမှတ် ၉ ရပ်ကွက် ဖောင်တော်ဦးလမ်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အဆောက်အအုံ(အဖီ) နှင့် အမိုးများ ပြိုကြခဲ့ပြီး အမှတ် ၁ အခြေခံပညာ မူလတန်းကျောင်း အမိုးတန်းများ ပျက်စီးခဲ့ကာ အမှတ် ၁၀ ရပ်ကွက်  လမ်းမတော်လမ်းနှင့် မကျီးလမ်းထောင့်ရှိ လူနေထိုင်ခြင်းမရှိသော နှစ်ထပ် ဂိုဒေါင်တစ်လုံးနှင့် ရန်အောင်မြင်လမ်းရှိ သုံးထပ်တိုက်တစ်လုံး၏ နံရံများ အက်ကွဲသွားကြောင်း ပခုက္ကူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

ကွမ်းရွာကျေးရွာရှိ ဆေးပေါင်းရုံ ပြိုကျမှု ကြောင့် အသက် ၂၄ အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ အသက် ၂၇ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သောကြောင့် ပခုက္ကူဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့၏ ကနဦး သတင်းများအရ သိရသည်။

(ခ) နှစ် ၁၀၀ ကျော် သက်တမ်းရှိ 
ကျောင်းဆောင် ပြိုကျခဲ့သည့် တောင်တွင်းကြီး
ချောက်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် နှစ်ပေါင်းတစ်ရာကျော်က တည်ထားခဲ့သော မောင်းတိုင် ၂ ရပ်ကွက် ငမင်လမ်း အရှေ့ဘက် မြောက်ပြင်အရှေ့ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းဆောင်  ၈၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးခဲ့ပြီး လူများ ထိခိုက်မှု မရှိကြောင်း တောင်တွင်းကြီး မြို့ဒေသခံ ဦးတင်ထွန်းအောင်၏ ပြောပြချက်အရ သိရသည်။

( ဂ ) ကျောင်းသူနှစ်ဦးသေဆုံးခဲ့သည့် 
ရေနံချောင်းမြို့
ရေနံချောင်းမြို့နယ်၊ ရှားပင်ရိုးကျေးရွာအနီးရှိ ဧရာဝတီမြစ်ကမ်း၊ ကမ်းပါးယံပြိုကျမှုကြောင့် ပထမတန်း ကျောင်းသူတစ်ဦးနှင့် န၀မတန်း ကျောင်းသူတစ်ဦး မြေပိသေဆုံးခဲ့ကြောင်း Magway Region Flood Information & Response Unit ရေနံချောင်းမြို့ နယ် တာဝန်ရှိသူတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

"ရှားပင်ရိုးကျေးရွာက ကျောင်းသူနှစ်ဦး သေဆုံးတယ်ဆိုတာ ဟုတ်ပါတယ်။ သူတို့က ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်ကမ်း၊ ကမ်းပါးယံဘက်မှာ နေကြတာပါ။ မြေပိပြီး ဆုံးသွားတာဖြစ်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။ 

(ဃ ) မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည့် စာရင်းများအရ နတ်မောက်မြို့နယ် ရွာမွန်အုပ်စု ကျောင်းရွာလေးရွာတွင် စေတီများပြိုကျခဲ့ကာ မကွေးမြို့ သိင်္ဂါရပ်ကွက်ရှိ ရွှေပြည်စိုး ဆီစက်ဟောင်းပြိုခဲ့ကာ တောင်တွင်းကြီးမြို့မှ နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီး ရဟန်းမနေသည့် ဘုန်းကြီးကျောင်း ပြိုကျကာ ကျောက်ပန်းတောင်းမြို့နယ်၊ စူဠမနိ ပဌာန်း ရှစ်မျက်နှာစေတီ စိန်ဖူးတော် မြေခခဲ့ကြောင်း၊ ငလျင်လှုပ်ခတ်မှုကြောင့် ပခုက္ကူမြို့နယ် ကွမ်းရွာတွင် ပုဂ္ဂလိကပိုင် ဆေးပေါင်းရုံ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

တောင်တွင်းကြီးမြို့တွင်းရှိ ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ပြိုကျပျက်စီးခဲ့ကာ ရေနံချောင်းမြို့နယ်တွင် စေတီတစ်ဆူ ပြိုကျခဲ့ကာ ပွင့်ဖြူမြို့နယ်တွင် အဆောက်အအုံတစ်လုံး ပြိုကျခဲ့ပြီး မကွေးမြို့ပေါ်၌ အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ခဲ့၍ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာတွင် ညာဏ်တော် ၇၂ ပေ အမြင့်ရှိ ဆုတောင်းပြည့်စေတီတော် စိန်ဖူးတော် မြေခခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်ရှိ အိမ်တစ်လုံးနှင့် ချောက်မြို့တွင် အိမ်တစ်လုံးပြိုကြခဲ့ကြောင်းလည်း ပါဝင်သည်။

"ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဇုန်ထဲမှာ စေတီ၊ ဘုရား၊ ပုထိုးတွေ ထိခိုက်ပျက်စီးတာ တော်တော်များပါတယ်။ ထီးလိုမင်းလို၊ ပြာသာဒ်ကြီး၊ စူဠာမဏိ၊ လောကထိပ်ပန်၊ လောကဥသျှောင်၊ မြေပုံသာ၊ ရွှေဆံတော်စတဲ့ စေတီတွေ ထိခိုက်ပျက်စီးမှုရှိတယ်" ဟု ပုဂံညောင်ဦးမြို့နယ် တိုင်းဒေသကြီး အမှတ် ၂ ကိုယ်စားလှယ် ဦးမြင့်စိန်က ပြောကြားသည်။ 

နောက်ဆုံးရရှိထားသော သတင်းများအရ ပုဂံဒေသ၏ အထင်ကရ စေတီများ အပါအဝင် ဘုရား၊ ပုထိုးပေါင်း ၈၀ ကျော် ပျက်စီးဆုံးရှုံးသွားကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

"အခုဌာနဆိုင်ရာတွေနဲ့ ငလျင်နဲ့ ပက်သတ်ပြီး အရေးပေါ် အစည်းအဝေး လုပ်နေပါတယ်။ လက်ရှိအချိန်ထိ ပျက်စီးတဲ့ စေတီပုထိုးတွေ စာရင်း ကောက်ယူတာ ၈၀ ကျော် ပါတယ်"  ဟု ၎င်းက  ဆိုသည်။



FOLLOW US