News

POST TAGGED AS

ငလျင်

12-Jul-2017

ပုဂံ ငလျင်
ပုဂံဒေသအနီး ငလျင်လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့အချို့ ရှိဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၁

အင်အားပြင်း ချောက်ငလျင် လှုပ်ခတ်မှုကြောင့် စေတီ၊ ပုထိုး အများအပြား ပျက်စီးခဲ့သည့် ပုဂံ- ညောင်ဦးဒေသအနီး တစ်ဝိုက်ရှိ ပြတ်ရွေ့ကြောများကို သုတေသနပြု လေ့လာခဲ့ရာတွင် ပြန်လည် လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့အချို့ ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။

“ပြတ်ရွေ့နှစ်ခုမှာ ဂွေးချိုကတော့ Active ဖြစ်တယ်လို့ ပြောဖို့တော့ နည်းနည်းခက်တယ်။ ငလျင်လှုပ်ဖို့ အနေအထားရှိတယ် ဆိုရင်တောင် ပြတ်ရွေ့ရဲ့ ရွေ့လျားမှုနှုန်း နည်းမှာပေါ့။ နည်းတဲ့ဆိုတဲ့ အခါကျတော့ လှုပ်ဖို့ရာ နည်းနည်းကြာတတ်တယ်။ ချောက်- ရေနံချောင်း ပြတ်ရွေ့ကတော့ နည်းနည်းလေး လှုပ်နိုင်တယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ ကနဦး တွေ့ရှိချက်ပေါ့”ဟု ၎င်းက ဆိုသည်။

ပုဂံ- ညောင်ဦးအနီး ပတ်ဝန်းကျင်ရှိ ပြတ်ရွေ့နှစ်ခုဖြစ်သည့် ချောက်- ရေနံချောင်းပြတ်ရွေ့နှင့် ဂွေးချိုပြတ်ရွေ့တို့ကို ယခုသီတင်းပတ်အတွင်းက မြေငလျင် ကျွမ်းကျင်ပညာရှင်များက ပြတ်ရွေ့များကို ဘူမိဗေဒဆိုင်ရာ လေ့လာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် စေတီပုထိုးများ၏ အခြေအနေကိုလည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ အနေနှင့် လေ့လာခဲ့ခြင်းဖြစ်သည်။ 

မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံရှိ စေတီပုထိုးများကို အင်ဂျင်နီယာပိုင်းဆိုင်ရာ လေ့လာခဲ့ရာတွင်လည်း ချောက်ငလျင်လှုပ်သည့် ပြတ်ရွေ့နှင့် ပုဂံဘုရားများသည် ကွာဝေးပြီး ငလျင်လှိုင်း တုန်ခါမှုနှုန်း နည်းခြင်းနှင့် အဆောက်အအုံများ၏ တုန်ခါမှုနည်းသည့်အပြင် စေတီပုထိုးများ၏ သက်တမ်းကာလ ကြာမြင့်နေသည့်အတွက် ပျက်စီးခြင်း ဖြစ်သည်ဟု ပညာရှင်များက ကောက်ချက်ချထားကြောင်း ဒေါက်တာမျိုးသန့်က ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အား ၆ ဒသမ ၈ အဆင့်ရှိ ချောက်ငလျင်ကြောင့် ပုဂံ- ညောင်ဦး ဒေသရှိ စေတီပုထိုးများ ပျက်စီးခဲ့ပြီး အဆောက်အအုံ အများအပြားလည်း ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ မြေငလျင်သည် မြေအောက်အနက် ၈၄ ကီလိုမီတာရှိ ထိုးစိုက် ဇုန် (Subduction Zone) တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အထက်အောက်လှုပ်ရှားမှုကို ပိုမိုခံစားရကြောင်း၊ ပုဂံဘုရားများ၏ တည်ဆောက်ပုံစနစ်သည် ယင်းအထက်အောက် လှုပ်ခတ်မှုနှင့် လိုက်လျောညီထွေ ရှိသည့်အတွက် ထိခိုက် ပျက်စီးဆုံးရှုံးမှု လျော့နည်းရခြင်းဖြစ်ကြောင်း  မြေငလျင် ကျွမ်းကျင်ပညာရှင်များက သုံးသပ်ပြောဆိုထားသည်။

ယင်းကြောင့် အင်အားပြင်းချောက် ငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသည့် ပုဂံ- ညောင်ဦးဒေသတွင် ငလျင်အန္တရာယ် လျှော့ချနိုင်ရေးအတွက် ငလျင် အန္တရာယ်ပြ မြေပုံရေးဆွဲလျက်ရှိကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီထံမှ သိရသည်။ 

E-03



FOLLOW US