POST TAGGED AS

ဂျာမန်

30-Jan-2018

ကား ဂျာမန်
ဂျာမန်ကားထုတ်လုပ်သူအုပ်စုက ပြည်သူများအား ကာဗွန်ထုတ်လွှတ်မှုစမ်းသပ်ရန် စပွန်ဆာပေး


ဘာလင်၊ ဇန်နဝါရီ ၂၉

ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းများအုပ်စုက ရန်ပုံငွေထောက်ပံ့ထားသော သုတေသနအဖွဲ့က မော်တော်ကားအိပ်ဇောမီးခိုးတွင် တွေ့ရသော နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကို ပြည်သူများတွင် စမ်းသပ်နိုင်မည့် သိပ္ပံစမ်းသပ်မှုများကို စပွန်ဆာပေးထားသည်ဟု ဂျာမန်စတုဂတ် နေ့စဉ်သတင်းစာက ရေးသားထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုစမ်းသပ်မှုကို ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာ ဥရောပသုတေသနအဖွဲ့ EUGT က လုပ်ဆောင်ခဲ့သည်ဟု သတင်းစာက ဆိုသည်။

Reuters အနေနှင့် ထိုလေ့လာမှု၏ အသေးစိတ်အချက်များကို ချက်ချင်း အတည်မပြုနိုင်သေးပေ။ မနှစ်ကဖျက်သိမ်းထားသော EUGT ၏ ကိုယ်စားလှယ်ကိုလည်း ဆက်သွယ်၍မရသေးပေ။

သုတေသနအဖွဲ့သည် ယင်းရန်ပုံငွေများကို ဂျာမန်ကားထုတ်လုပ်ရေးလုပ်ငန်းများဖြစ်သည့် olkswagen, Daimler AG နှင့် BMW တို့ထံမှ ရရှိခြင်းဖြစ်သည်။

စမ်းသပ်မှု၏ ရည်ရွယ်ချက်နှင့် ရလဒ်ကို သဲကွဲစွာမသိရသေးသော်လည်း Volkswagen သည် ဒီဇယ်ကားများမှ ကာဗွန်ထုတ်လွှတ်မှုနှင့်ပတ်သက်၍ လှည့်စားခဲ့ကြောင်း ၂၀၁၅ ခုနှစ်က ပေါ်သွားခဲ့ပြီးနောက် အတွင်းပိုင်းမြို့တော်များတွင် ဒီဇယ်မော်တော်ယာဉ်များ ပိတ်ပင်မှုကိုရင်ဆိုင်နေရခြင်းကြောင့် ပြည်သူများပါဝင်သော စမ်းသပ်မှုအစီအစဉ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၅ နှစ်ဝန်းကျင် ကျန်းမာသော ငယ်ရွယ်သူများသည် နာရီပိုင်းအတွင်း နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏအမျိုးမျိုးကို ရှူရှိုက်နေရသည်ဟု အာချင်တက္ကသိုလ်တွင် စတုဂတ်သတင်းစာက ပြောကြားသည်။ စမ်းသပ်မှုစတင်သော ၂၀၁၆ တွင် လူများအပေါ် ဓာတ်ငွေ့၏ သက်ရောက်မှုကို မှန်းဆဆုံးဖြတ်ရန် မဖြစ်နိုင်သေးဟု စတုဂတ်သတင်းစာက ဆိုသည်။

တရားမဝင်ဆော့ဖ်ဝဲတပ်ဆင်ထားသည့် Volkswagen ဒီဇယ်ကားမှ အိပ်ဇောမီးခိုးကို မျောက်များအား အတင်းအကျပ် ရှူခိုင်းကာသုတေသနပြုလုပ်နေသည့် ထိုသုတေသနအဖွဲ့၏ အခြားစမ်းသပ်မှုတစ်ခုကို တနင်္ဂနွေနေ့တွင် Daimler အုပ်စုက ပြစ်တင်ရှုတ်ချခဲ့သည်။

“ဒီစမ်းသပ်မှုနဲ့ လေ့လာမှုအတိုင်းအတာကို ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဒီလေ့လာမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ လေ့လာမှုပုံစံမှာ Daimler က လွှမ်းမိုးမှုမရှိပေမယ့် ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်”ဟု Daimler အုပ်စုက ထုတ်ပြန်ပြောဆိုသည်။

မျောက်များနှင့် စမ်းသပ်နေသည့် လေ့လာမှုကို ၂၀၁၄ တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု နယူးယောက် တိုင်းမ် သတင်းစာက ရေးသားသည်။ Volkswagen, Daimler နှင့် BMW တို့ကမူ မျောက်များဖြင့် ကာဗွန်ထုတ်လွှတ်မှုစမ်းသပ်နေခြင်းကို ပြစ်တင်ဝေဖန်ထားကြသည်။

ဒီဇယ်၏ အိပ်ဇောမီးခိုးသည် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်သည်ဟု WHO က ပြောကြားခဲ့ပြီးနောက်ပိုင်း EUGT က ဒီဇယ်အသုံးပြုမှုကို ကာကွယ်ရန်အတွက် အဆိုပါလေ့လာမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု နယူးယောက် တိုင်းမ်က ရေးသားထားသည်။

F-04



FOLLOW US