News

POST TAGGED AS

ဂျာမနီ

03-Jul-2018

ပုဂံ
ပုဂံသို့ ကမ္ဘာလှည့်ခရီးသည် အဝင်လျော့


ရန်ကုန်၊ ဇူလိုင် ၂

ပုဂံဒေသသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ယခင်နှစ် ခြောက်လတာကာလထက် ယခုနှစ်ခြောက်လတာကာလတွင် ဦးရေ သုံးသောင်းကျော်ထိ ကျဆင်းနေကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။

“နှစ်စမှာကတည်းက ဝင်ရောက်မှုက လျော့နေတာ။ ကျွန်တော့်အမြင်အရတော့ ရခိုင်အရေးကြောင့် ဥရောပနိုင်ငံသားတွေ ဝင်ရောက်တဲ့နှုန်းကျသွားတာ ဖြစ်နိုင်တယ်။ ဒီအတွက်လည်း ပရိုမိုးရှင်းတွေ အများကြီးလုပ်ဖို့လိုတယ်”ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုဂံယဉ်ကျေးမှုဒေသသို့ ကမ္ဘာလှည့်ခရီးသည်ဦးရေ ဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဦးရေ ၁၂၃,၀၀၀ ကျော် ဝင်ရောက်ထားပြီ ၂၀၁၇ ခုနှစ်တွင် အဆိုပါကာလတူက ၁၅၆,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း (ပုဂံဌာနခွဲ) ၏ စာရင်းများအရသိရသည်။

“ပုဂံဟာ ခရီးစဉ်ဒေသတွေမှာ အဓိက နေရာတစ်ခုပါ။ ပုဂံမှာ တိုးနည်းရင် တခြားဒေသတွေ ပြောစရာမလိုတော့ဘူး။ တစ်လ တစ်လကို တိုး ၄၀၀ လောက်ဝင်တဲ့ရုံးတွေတောင် တစ်ဝက်လောက် ကျသွားတယ်လို့ ကြားတယ်။ သေချာတာကတော့ ဒီနှစ် တိုးအဝင်နည်းတယ်”ဟု Wazo ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့်၂၀၁၇ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃ ဒသမ ၄ သန်းကျော်ဝင်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ် ၅၀ ရာခိုင်နှုန်းခန့် ဖျက်သိမ်းမှုများရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“တကယ့်တိုးဆိုဒ်တွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ အရင်နှစ်တွေကလောက် တိုးတွေကို မတွေ့ရတော့ဘူး။ တိုးဂိုက်တွေ အရမ်းအလုပ်များတဲ့ ပြီးခဲ့တဲ့ခရီးသွားရာသီမှာတောင် အရင်နှစ်လောက် ဧည့်သည်မရတော့တာတွေရှိတယ်”ဟု ဧည့်လမ်းညွှန်တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းသို့ ဧည့်သည်ဝင်ရောက်မှု ကျဆင်းလာသည့်အတွက် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ့ရိုးရာအစားအစာများကို ပြပွဲလုပ်၍ မိုးရာသီကာလအတွက် ခရီးသွားဈေးကွက်မြှင့်တင်ရန် စီစဉ်နေပြီး ယခုနှစ်အတွင်း ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့်ပြု၍ ခရီးသည်ဝင်ရောက်မှုများ မြင့်တက်ရန် စီစဉ်မှုများရှိနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပုဂံယဉ်ကျေးမှုနယ်မြေဒေသသို့ ၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဦးရေ နှစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ထားပြီး ၂၀၁၇ ခုနှစ် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဦးရေ သုံးသိန်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း (ပုဂံဌာနခွဲ) ၏ စာရင်းများအရသိရသည်။

J-14

  • VIA


FOLLOW US