News

POST TAGGED AS

ဂျာမနီ

29-Jun-2018

အမေရိကန် တရုတ်
တရုတ်နယ်မြေကို တစ်လက်မမျှပင် စွန့်လွှတ်မည်မဟုတ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးကို ရှီကျင့်ဖျင်ပြောကြား


ဘေဂျင်းဇွန် ၂၈

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကို တာဝန်ယူသော်လည်း နယ်မြေပိုင်နက်ကို တစ်လက်မမျှပင် စွန့်လွှတ်မည်မဟုတ်ဟု သမ္မတရှီကျင့်ဖျင်က ဘေဂျင်းရောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကို ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အမေရိကနှင့်တရုတ် နှစ်နိုင်ငံသည် ကုန်သွယ်ရေးအငြင်းပွားမှုများ၊ တောင်တရုတ်ပင်လယ်တွင် ဘေဂျင်းက ပိုင်နက်ကြေညာမှုများကြောင့် တင်းမာမှုများ မြင့်တက်လာလျက်ရှိသည်။

ဂျိမ်းမက်တစ်သည် ၂၀၁၄ နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသော အမေရိကန်ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး အာရှတစ်လွှားရှိ မဟာမိတ်များနှင့် လာရောက်တွေ့ဆုံသည့် ခရီးစဉ်တွင် ဘေဂျင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်။

ဗုဒ္ဓဟူးနေ့က ဘေဂျင်းတွင် သမ္မတရှီအပါအဝင် တရုတ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုသည် အလွန်အဆင်ပြေကြောင်း မက်တစ်က ပြောကြားသည်။

တရုတ်နိုင်ငံနှင့် စစ်ဘက်ဆိုင်ရာဆက်ဆံရေး လွန်စွာအရေးကြီးပုံကို အမေရိကန်က ညွှန်ပြခဲ့သည်ဟု မစ္စတာမက်တစ်က ပြောကြားသည်။

သမ္မတရှီကျင့်ဖျင်ကမူ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးရည်မှန်းချက်များရှိသော်လည်း တရုတ်ပိုင်နက်ဟုသတ်မှတ်ယူဆသော နယ်မြေများနှင့်ပတ်သက်၍ အလျှော့ပေးမည်မဟုတ်ဟု ပြောကြားသွားသည်။

“ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ ထားခဲ့တဲ့ ပိုင်နက်နယ်မြေကို တစ်လက်မတောင် အဆုံးရှုံးမခံပါဘူး”ဟု ရှီကျင့်ဖျင်က ပြောကြားကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

အမေရိကန်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်တို့၏ လှုပ်ရှားမှုများကို အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ပြီး တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်နေကြောင်းနှင့် အငြင်းပွားရေပြင်တွင် ကျွန်းတုနှင့် စစ်စခန်းများတည်ဆောက်ကာ စစ်အင်အားဖြန့်ကြက်နေကြောင်း ထောက်ပြပြောဆိုထားသည်။

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်တွင် အခြားဒေသတွင်းနိုင်ငံများကလည်း ပိုင်နက်ကြေညာမှုများ ပြုလုပ်ထားကြသော်လည်း ဘေဂျင်းက အကြီးဆုံးအပိုင်းကို တောင်းဆိုလျက်ရှိသည်။

သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ သမိုင်းဝင် စင်ကာပူထိပ်သီးဆွေးနွေးပွဲအပြီးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ အာရှခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျိမ်းမက်တစ်သည် ဘေဂျင်းမှတစ်ဆင့် တောင်ကိုရီးယားနှင့် ဂျပန်သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ပြီး ထရမ့်-ကင် ထိပ်သီးဆွေးနွေးပွဲအလွန် ဒေသတွင်းလုံခြုံရေးကို အမေရိကန်က ဆက်လက်တာဝန်ယူကြောင်း ထပ်မံအာမခံချက်ပေးမည်ဟု မျှော်လင့်ရသည်။ 

F-04




FOLLOW US