News

POST TAGGED AS

ဂျာမနီ

ပုဂံမြို့သစ်တွင် မုခ်ဦးအသစ် စိုက်ထူရန်စီစဉ်
မန္တလေး၊ ဖေဖော်ဝါရီ ၁၉

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံမြို့သစ်တွင် ကျပ်သိန်း ၅၀၀ ကုန်ကျမည့် မြို့ဝင်မုခ်ဦးအသစ်တစ်ခု စိုက်ထူနိုင်ရန် စီစဉ်နေကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရသည်။ 

ပုဂံဒေသသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေနှင့် ပုဂံမြို့သို့ ရောက်ရှိကြောင်း သိရှိနိုင်စေရန်နှင့် လက်ရှိမုခ်ဦးသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်က တည်ဆောက်ခဲ့ခြင်းဖြစ်၍ ဟောင်းနွမ်းနေပြီဖြစ်သဖြင့် အသစ်ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မုခ်ဦးအဟောင်းသည် ညောင်ဦးမြို့နယ်အတွင်း ရှိနေပြီး အသစ်ပြုလုပ်မည့် မုခ်ဦးသည် ပုဂံမြို့နယ်အတွင်း တည်ရှိမည်ဖြစ်ကြောင်း ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးခင်မောင်နုက ပြောကြားသည်။ 

မုခ်ဦးတည်ဆောက်နိုင်ရန် ခရိုင်နှင့်တိုင်းအဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ခွင့်ပြုချက်များရရှိထားပြီးဖြစ်ကြောင်း၊ အဆောက်အအုံ ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများ၊ ကုန်ကျစရိတ်တွက်ချက်ခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်၍ ဧပြီလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုဂံဧည့်လမ်းညွှန်အသင်း နာယကလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။

အသစ်တည်ဆောက်မည့် မုခ်ဦးသည် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဇုန်ဝင်ကြေးများမှနေ၍ ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲခွင့်ရသည့် ငွေကြေးဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယင်းမုခ်ဦးသည် အလျား ပေ ၈၀ ခန့်နှင့် အမြင့်ပေ ၂၀ ခန့်ရှိပြီး လေဆိပ်မီးပွိုင့် အနောက်ဘက် ပုဂံမြို့သစ်တွင် စိုက်ထူမည်ဖြစ်ကြောင်း၊ ရှေးဟောင်းယဉ်ကျေးမှုများနှင့် လိုက်ဖက်ညီသည့် ပုဂံခေတ်လက်ရာများဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ လုပ်ငန်းစီမံချက်များအရ သိရသည်။ 

M-05



FOLLOW US