News

POST TAGGED AS

ဂျာနယ်

20-Jun-2018

သတင်းစာ ဂျာနယ်
နှစ်ပေါင်း ၂၀ ကျော် ရပ်တည်ခဲ့သော ဂမ္ဘီရမဂ္ဂဇင်း ထုတ်ဝေမှု ရပ်နား
ရန်ကုန်၊ ဇွန် ၂၀

လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော်က စတင်ခဲ့သည့် ဘာသာရေးနှင့် ဂမ္ဘီရဖြစ်ရပ်များကို အလေးပေး ဖော်ပြခဲ့သည့် လစဉ်ထုတ် ဂမ္ဘီရမဂ္ဂဇင်းသည် ဇွန်လအတွက် နောက်ဆုံးထွက်ရှိခဲ့ပြီး ရပ်တည်ရန်ခက်ခဲလာသည့် အခြေအနေများကြောင့် ထုတ်ဝေမှု ရပ်နားလိုက်ကြောင်း အဆိုပါ မဂ္ဂဇင်း အယ်ဒီတာအဖွဲ့ထံမှ သိရသည်။

မဂ္ဂဇင်းထုတ်ဝေရန် ကုန်ကျစရိတ် ကြီးမားခြင်းအပြင် မဂ္ဂဇင်းများသည် စာအုပ်အငှားဆိုင်ကို အဓိက ရောင်းချရခြင်းဖြစ်သော်လည်း လက်ရှိတွင် ယင်းစနစ်များ ပျောက်ကွယ်လာမှုများကြောင့် ထုတ်ဝေဖြန့်ချိရာတွင် ခက်ခဲလာခြင်းဖြစ်ကြောင်း အဆိုပါမဂ္ဂဇင်း အယ်ဒီတာအဖွဲ့ဝင် ကိုဒီဒီးက ပြောကြားသည်။

“၂၃ နှစ်လောက် ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းပဲ ရပ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ တွက်ခြေ မကိုက်တော့တဲ့အတွက် ရပ်တည်လို့ အဆင်မပြေနိုင်တော့ဘူး”ဟု ဂမ္ဘီရမဂ္ဂဇင်းအယ်ဒီတာ ကိုဒီဒီးက ဆိုသည်။

ဂမ္ဘီရမဂ္ဂဇင်းတွင် ဘာသာရေးဆိုင်ရာ ဆောင်းပါးများ၊ သဘာဝဆေးနည်း ဆောင်းပါးများ၊ လောကီသဘာဝလွန်ဖြစ်ရပ်ဆန်းများနှင့် သုတ၊ ရသ ဝတ္ထုများ စသည့်ကဏ္ဍများကို ဖော်ပြထုတ်ဝေခဲ့သည့် လစဉ်ထုတ် မဂ္ဂဇင်းဖြစ်သော်လည်း ပြည်သူများအကြား စာဖတ်သည့် အလေ့အထများ လျော့နည်းလာခြင်း၊ မိုဘိုင်းလ်ဖုန်းများဖြင့် စာဖတ်သည့် အလေ့အထများ ရှိလာခြင်း၊ ဖြန့်ချိရေး စာအုပ်ဆိုင်များ ပျောက်ကွယ်လာခြင်းကြောင့် ယင်းသို့ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း အဆိုပါ မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ထံမှ သိရသည်။

“ပုံနှိပ်တွေ ဒီလိုပိတ်သိမ်းမှုတွေ ရှိနေတယ်ဆိုတာကို အစိုးရအနေနဲ့ သိသင့်တယ်။ အခုလို ပိတ်သိမ်းတာက အစိုးရကြောင့်လို့ ပြောလို့မရပေမယ့် ပုံနှိပ်၊ ဂျာနယ်တွေနဲ့ သတင်းမီဒီယာတွေဟာ လျော့နည်းလာတာ မဟုတ်ဘူးဆိုပြီး လာလုပ်ကိုင်ဖို့ လိုင်စင်လာလျှောက်တဲ့ အရေအတွက်ကို အစိုးရသတင်းစာမှာ ထုတ်ပြန်တာက လက်ရှိအခြေအနေမှန်ကို လျစ်လျူရှုတယ်လို့ပဲမြင်တယ်၊ လွန်ခဲ့တဲ့ ၂ နှစ်က ဌာနမှာ ရှိခဲ့တဲ့စာရင်းကို ပြန်တိုက်ကြည့်ရင်ကို လက်ရှိအခြေအနေက အဖြေ ပေါ်ပါတယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

အစိုးရအနေနှင့် ပုံနှိပ်ထုတ်ဝေမှုများ လျော့ကျလာမှုများကို ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ အဖြေရှာ ဆောင်ရွက်သင့်ကြောင်းနှင့် ယခုနောက်ပိုင်းနှစ်များတွင် ဖြန့်ချိရေးနှင့် ထုတ်ဝေမှုများတွင် ပိတ်သိမ်းရပ်နားမှုများကို သိရှိရန်လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

သတင်းစာ၊ ဂျာနယ်နှင့် မဂ္ဂဇင်းများ လစဉ် တိုးမြှင့်ထုတ်ဝေလျက်ရှိရာတွင် ယခုနှစ်မေလအထိ သတင်းစာ ၂၆ စောင်၊ ဂျာနယ် ၂၁၆ စောင်နှင့် မဂ္ဂဇင်း ၂၁၂ စောင် ဈေးကွက်တွင် ထုတ်ဝေဖြန့်ချိလျက်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲက ယခုနှစ် ဇွန်လ ၁၂ ရက်တွင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် သတင်းမီဒီယာလောကတွင် အများပြည်သူ ဝန်ဆောင်မှုအတွက် ရပ်တည်ခဲ့သော The Messager သတင်းစာ၊ စီးပွားရေး သီးသန့် ရေးသားထုတ်ဝေသော Trade Time ဂျာနယ်၊ ပေါ်ပြူလာ နယူးစ်ဂျာနယ်၊ အလင်းတန်းဂျာနယ် အပါအဝင် Flower News ဂျာနယ်များမှာ ထုတ်ဝေမှု အသီးသီး ရပ်နားခဲ့ကြရသည်။

J-14



FOLLOW US