News

POST TAGGED AS

ဂျာနယ်

တနင်္သာရီဂျာနယ် အမှုချေဖျက်လျှောက်ထားမှု ဇွန်လ ၁၂ ရက်တွင် ကြားနာမည်
ထားဝယ်၊ ဇွန် ၃

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုအား ချေဖျက်ပေးရန် တနင်္သာရီဂျာနယ်၏ လျှောက်ထားမှုကို ဇွန်လ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကြားနာမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

တရားစွဲဆိုထားမှုကို တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက်ပေးရန် တင်ပြလာမှုအပေါ် တိုင်းတရားလွှတ်တော်က ရာဇဝတ်အထွေထွေမှု အမှတ် ၂ /၂၀၁၈ ဖြင့် မေလ ၂၁ ရက်က လက်ခံခဲ့သည်။

အမှုကို ချေဖျက်ပေးရန် လျှောက်ထားလာမှုကို လက်ခံခဲ့ပြီးနောက် ယင်းနေ့တွင်ပင် မြို့နယ်တရားရုံးထံမှ စစ်ဆေးဆဲ အမှုတွဲကို တောင်းယူ (အမှုတွဲခေါ်) ခဲ့ပြီး တိုင်းအစိုးရထံသို့ အကြောင်းကြားစာ ထုတ်လိုက်ကြောင်း တိုင်းတရားလွှတ်တော် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းထွဋ်က ဆိုသည်။

“ကြားနာမယ့်ရက်မှာ စိတ်ဝင်စားသူတွေ လေ့လာသူတွေပါ တက်နိုင်တယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နှင်းထွဋ်က ပြောကြားသည်။

တိုင်းတရားလွှတ်တော်က ယင်းအမှုကို ချေဖျက်ရန် ဆုံးဖြတ်အမိန့်ချပါက မြို့နယ်တရားရုံးတွင် စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းရမည်ဖြစ်ပြီး ချေဖျက်ခြင်းမပြုရန် အမိန့်ချပါက အမှုကို မြို့နယ်တရားရုံးက ဆက်လက်စစ်ဆေးရမည်ဖြစ်ကြောင်း တိုင်းတရားလွှတ်တော်ထံမှ သိရသည်။

မြို့နယ်တရားရုံးတွင် ၁၅ ချိန်းမြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် စွပ်စွဲခံရသည့် တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက် (ပယ်ဖျက်) ပေးရန် တိုင်းတရားလွှတ်တော်ထံ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီဂျာနယ်ပါ မဲဆွယ်အပြုံး သရော်စာက တနင်္သာရီတိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကျဆင်းစေသည်ဟုဆိုကာ တနင်္သာရီဂျာနယ်ကို တိုင်းအစိုးရက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Dawei Watch



FOLLOW US