News

POST TAGGED AS

ဂျာနယ်

တနင်္သာရီဂျာနယ်အမှု ချေဖျက်ရန် တိုင်းတရားရုံးတွင် ကြားနာမည်
ထားဝယ်၊ မေ ၂၂

မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြသည့်အတွက် တနင်္သာရီအပတ်စဉ်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့က တရားစွဲဆိုထားသည့်အမှုကို ချေဖျက်ပေးရန် မေလ ၂၁ ရက်က လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က လက်ခံလိုက်ပြီးနောက် ကြားနာတော့မည်ဖြစ်သည်။ 

ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့်အပေါ် တနင်္သာရီဂျာနယ်ဘက်က အမှုချေဖျက်ပေးရန် တင်ပြလာသည့်အတွက် တိုင်းတရားလွှတ်တော်က ကြားနာစစ်ဆေးရန် ရာဇဝတ်အထွေထွေအမှတ် ၂/၂၀၁၈ ဖြင့် လက်ခံခဲ့ကြောင်း တိုင်းတရားလွှတ်တော် သတင်းပြန်ကြားရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီခင်က ဆိုသည်။

အမှုချေဖျက်ရန် အမှုတွဲတင်လာသည့်အတွက် တနင်္သာရီဂျာနယ်ဘက်က တရားလိုဖြစ်သွားပြီး မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည့် တိုင်းအစိုးရကို အကြောင်းကြားစာ ပို့ရမည်ဖြစ်ကြောင်း၊ အကြောင်းကြား စာပို့ပြီးနောက် မြို့နယ်တရားရုံးတွင် စစ်ဆေးနေသည့်အမှုတွဲကို တောင်းယူပြီး တိုင်းတရားလွှတ်တော်တွင် နှစ်ဖက်စလုံးကို စစ်ဆေးကြားနာမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အမိန့်ချဖို့တော့ အနည်းဆုံး တစ်လလောက်တော့ ကြာလိမ့်မယ်”ဟု ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချယ်ရီခင်က ပြောကြားသည်။

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံးခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာ ဥပဒေ ပုဒ်မ-၉ (ဆ) ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမည်ဖြစ်သည်။

Dawei Watch



FOLLOW US