News

POST TAGGED AS

ဂျာနယ်

ဆန္ဒပြပွဲကို တိုက်ရိုက်ထုတ်လွှင့်သည့် ဂျာနယ်ကို မတောင်းပန်ပါက တရားစွဲမည်ဟုဆို
တောင်ငူ၊ မေ ၂၀

မွန်ပြည်နယ်အတွင်းရှိ သိမ်းဆည်းခံ မြေယာများနှင့်ပတ်သက်၍ မေလ ၁၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်ရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ခြင်းကို တိုက်ရိုက် (Live)ထုတ်လွှင့်ခဲ့သည့် ယူနတီဂျာနယ်ကို မတောင်းပန်ပါက တရားစွဲဆိုမည်ကြောင်း မွန်ပြည်နယ် အမှတ် ၁၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှမြင့်သန်းက ဆိုသည်။

“ကျွန်တော်တရားဝင် စာရေးသားပေးပို့ပြီး မေးမြန်းဖို့ပြင်နေပါပြီ။ ဦးလှမြင့်သန်းဆိုတဲ့ ပုံရိပ်ထက် NLD ရဲ့ ပုံရိပ်ကို ကျဆင်းစေတဲ့အတွက် ဂျာနယ်ကနေပြီး တောင်းပန်မှုမပြုရင် တရားစွဲဆိုဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေပါပြီ”ဟု ၎င်းက ပြောဆိုသည်။

သိမ်းဆည်းခံမြေယာများနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဘီးလင်းဒေသခံ ကရင်တိုင်းရင်းသားများက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်ရှေ့တွင် လာရောက်ဆန္ဒဖော် ထုတ်ခဲ့ကြပြီး အစိုးရက ဆန္ဒပြပွဲကို လူစုခွဲခဲ့ပြီးနောက် ဦးဆောင်သူအချို့ကို တရားစွဲဆိုခဲ့သည်။

ဘီးလင်းမြို့နယ် အနီးတစ်ဝိုက် လယ်ယာမြေဧက ၁၃၀၀ ခန့်ကို ယခင်တပ်မတော် အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခံခဲ့ရပြီး ယခုလက်ရှိအချိန်ထိ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များက ဖြေရှင်းပေးခြင်းမရှိဘဲ လျစ်လျူရှုထားကြောင်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ဆန္ဒပြပွဲကို တိုက်ရိုက်ထုတ်လွှင့်ပြသမှုနှင့်ပတ်သက်၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှမြင့်သန်းက မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ဖုန်းဖြင့် ဆယ်သွယ်ပြောကြားခဲ့ပြီး ဂျာနယ်တိုက်အနေနှင့် တရားဝင် စာရေးသားပေးပို့ရန် ပြောဆိုထားပြီးဖြစ်ကြောင်း ယူနတီဂျာနယ်တိုက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသန်းထိုက်လူက ပြောကြားသည်။

“ဥပဒေကြောင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမယ် ဆိုရင်တော့ တိုက်မှာ Print နဲ့ ရုပ်သံရှိတော့ အားလုံးတိုင်ပင်ပြီးမှ ဘယ်လိုဆက်လက်လုပ်ဆောင်မယ် ဆိုတာမျိုးပြောပြနိုင်ပါမယ်”ဟု ၎င်းက ဆိုသည်။

ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဘီးလင်းဒေသခံ ၁၀၀ ကျော်ခန့်အနက် ဦးဆောင်သူများဖြစ်ကြသည့် ဦးတင်လုံး၊ နော်အေးအေးကြိုင်၊ ဦးစိုးမိုးတို့သုံးဦးကို ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၂၀ ဖြင့် ဗဟန်းရဲစခန်း၌ အမှုဖွင့်လှစ်ထားသည်။

R-15



FOLLOW US