News

POST TAGGED AS

ဂုရုကြီး

လူသန်းပေါင်းများစွာ ကိုးကွယ်သည့် အိန္ဒိယမှ ဂုရုကြီး မုဒိမ်းမှုဖြင့် ပြစ်မှုထင်ရှားကြောင်း တရားရုံး ဆုံးဖြတ်


နယူးဒေလီ၊ ဧပြီ ၂၅

သန်းပေါင်းများစွာသော နောက်လိုက်နောက်ပါ ယုံကြည်သူများရှိပြီး ကမ္ဘာအနှံ့ ကြည်ညိုကြသော အိန္ဒိယဂုရုကြီးကို မုဒိမ်းမှုဖြင့် ပြစ်မှုထင်ရှားကြောင်း အိန္ဒိယတရားရုံးက ဆုံးဖြတ်လိုက်သည်ဟု BBC သတင်းတစ်ရပ်တွင် ရေးသားဖော်ပြထားသည်။ 

အာဆာရမ်ဘာပူသည် ၎င်း၏ကျောင်းတော်၌ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ၂၀၁၃ ခုနှစ်က မုဒိမ်းကျင့်လိုက်ကြောင်း မြောက်ပိုင်းမြို့ ဂျိုပူရ်တရားရုံးက ဆုံးဖြတ်လိုက်သည်။

ဂုရုကြီးအနေနှင့် ယင်းအမှုနှင့်ပတ်သက်ပြီး အထက်ရုံးသို့ အယူခံဝင်သွားဖွယ် ရှိနေသည်။ 

အသက် ၇၇ နှစ် ရှိပြီဖြစ်သော ဂုရုကြီးသည် ကမ္ဘာအနှံ့ အာရှရမ်ခေါ် ကျောင်းတော်များ ၄၀၀ ခန့် ဖွင့်ထားပြီး ယောဂနှင့်သမထ ထိုင်ခြင်းတို့ကို သင်ကြားဟောပြောနေသူဖြစ်သည်။ 

ဂူဂျာရတ်ပြည်နယ်တွင်လည်း ဂုရုဘာပူသည် နောက်ထပ် မုဒိမ်းမှုတစ်ခုနှင့်ပတ်သက်ပြီး တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။ 

ဂျိုပူရ်မြို့တွင် လုံခြုံရေးကိုမြှင့်တင်ထားပြီး ဂုရုကြီးကို ထောက်ခံကြည်ညိုသူများက အကြမ်းပတမ်း တုံ့ပြန်လာမည်ကို စိုးရိမ်ကြလျက်ရှိသည်။ 

အပြစ်ရှိသည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် မကြာခင် ပြစ်ဒဏ်ချမှတ်ဖွယ် ရှိသည်။ 

တရားရုံးအနေနှင့် အဆိုပါအမှုမျိုးကို ထောင်ဒဏ်တစ်သက် ချမှတ်နိုင်ကြောင်း မုဒိမ်းမှုပြုကျင့်ခံခဲ့ရသူ၏ ရှေ့နေ အက်ဆက်ဗ်ဘာအင်းစ်က ပြောကြားထားသည်။ 

“ခံစားခဲ့ရသူနဲ့ မိသားစုတို့ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ပတ်သက်ပြီး ဘယ်အရာနဲ့မှ လျော်ကြေးမပေးနိုင်ပါဘူး”ဟု ရှေ့နေက ပြောကြားခဲ့သည်။ 

ဂါမိရမ်ရာဟင် ခေါ် အခြားဂုရုတစ်ဦးသည်လည်း မုဒိမ်းမှုဖြင့် ပြစ်မှုထင်ရှားကြောင်း ယမန်နှစ်က စီရင်ခံခဲ့ရဖူးကာ မကျေနပ်သူများက အကြမ်းဖက်သဖြင့် လူ ၂၃ ဦး သေဆုံးခဲ့ရဖူးသည်။ 

F-02



FOLLOW US