News

POST TAGGED AS

ဂက်စ်မီးဖို

သိမ်းဆည်းခံမြေတွင် တောင်သူများ ဝင်ရောက်ထွန်ယက်မည်


မန္တလေး၊ မေ ၁၃

ကျောက်ဆည်မြို့နယ် ဆူးလေ ကုန်းကျေးရွာအုပ်စုအတွင်း သိမ်းဆည်းခံထားရသော လယ်မြေများပေါ်၌ ဇွန်လအတွင်း ဝင်ရောက်ထွန်ယက် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေးဆယ်ကုန်းအုပ်စုမှ ဒေသခံအချို့က ပြောကြားသည်။ 

ဒေသခံများအနေနှင့် ဆူးလေကုန်းအုပ်စု ကွင်းအမှတ် (၂၉၆/ခ) မောင်ထောင်းကွင်း ဧက ၂၀၀ ကျော်ကို ဘိုးဘွားများလက်ထက်ကတည်းက အစဉ်အဆက်လုပ်ကိုင်လာခဲ့ရာမှ ၁၉၉၄-၉၅ ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စားကျက်မြေအဖြစ် သိမ်းယူခဲ့ကြောင်း၊ ယင်းနောက်တွင် အဆိုပါဌာနက ၂၅ ဧက၊ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနက ၂၅ ဧက၊ မြို့နယ်အုပ်ချုပ်ရေးက ၂၅ ဧကနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီက ဧက ၁၂၀ ကျော် ခွဲဝေယူခဲ့ကြောင်း၊ ထိုသို့ခွဲဝေရယူခဲ့ကြသော်လည်း ယင်းမြေများကို လုပ်ကိုင်ခြင်းမရှိဘဲ သီးစားချထားကြောင်း၊ သိမ်းဆည်းခံခဲ့ရရာတွင် လေးဆယ်ကုန်းကျေးရွာနှင့် အုန်းခရိုင်ကျေးရွာမှ တောင်သူ ၂၅ ဦး၏ လယ်ယာမြေများပါဝင်ကြောင်း လေးဆယ်ကုန်းကျေးရွာမှ ဒေသခံဦးအေးကျော်က ပြောကြားသည်။

“မြေမဲ့ရာမဲ့ဖြစ်၊ လယ်ကူလီအဖြစ် လုပ်ကိုင်နေရတယ်။ ကိုယ်တင်ခဲ့တဲ့အစိုးရသစ်ကို အားကိုးလို့ အခုလိုတင်ပြတာ။ အရင်ကလည်း တင်ပြခဲ့တယ်။ အကြောင်းမထူးတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်ရတာ”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်တို့တွင် အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများသို့ တင်ပြခဲ့ဖူးပြီး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်မရသေးကြောင်း လေးဆယ်ကုန်းကျေးရွာဒေသခံများက ပြောဆိုသည်။

“ဒီမြေတွေပြန်ရဖို့ ကျွန်တော်တို့က ဥပဒေဘောင်အတွင်းကနေ တောင်းခံခဲ့တယ်။ ဒီလိုတောင်းလို့မှမရဘူးဆိုရင် ဒီလယ်ယာမြေတွေထဲဝင်ပြီးတော့ ထွန်ယက်စိုက်ပျိုးတော့မယ်”ဟု လေးဆယ်ကုန်းကျေးရွာမှ ဦးနိုင်လွင်ဦးက ပြောကြားသည်။

ယင်းမြေများကို ၁၉၇၄ ခုနှစ်ကလည်း သိမ်းဆည်းခံခဲ့ရဖူးပြီး သက်ဆိုင်ရာအစိုးရအဖွဲ့က လုပ်ကိုင်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် တောင်သူများ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် တပ်မတော်အစိုးရလက်ထက်တွင် တောင်သူများကို နှင်ထုတ်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောဆိုသည်။

“ဒီကိစ္စကို မြို့နယ်လယ်ယာမြေ ပြန်လည်စိစစ်ရေးအဖွဲ့က စစ်နေပါတယ်။ အချက်အလက်မစုံသေးတဲ့အတွက် စောင့်နေတာ။ ပြီးရင်ခရိုင်ကို တင်ပေးမယ်။ ကျွန်တော့်အနေနဲ့က မြေရာဇဝင်ကို မှန်မှန်ကန်ကန်နဲ့ တောင်သူတွေရဲ့ ထွက်ဆိုချက်တွေကို ခရိုင်လယ်ယာမြေ ပြန်လည်စိစစ်ရေးအဖွဲ့ဆီရောက်အောင် လုပ်ပေးမယ်။ ဒီလထဲမှာ တင်နိုင်အောင်လုပ်ပေးပါမယ်”ဟု ၎င်းက ပြောကြားသည်။  
M-05



FOLLOW US