News

POST TAGGED AS

ခွန်တန်

လှည်းကူးတွင် ဗုံးသီးဟောင်း ပေါက်ကွဲရာမှ အမျိုးသားတစ်ဦး သေဆုံး
ရန်ကုန်၊ မေ ၁၀

လှည်းကူးမြို့နယ်၊ ကြို့ကုန်းတောင်ကျေးရွာတွင် မေလ ၉ ရက် ညနေ ၄ နာရီဝန်းကျင်က ဗုံးသီးဟောင်းတစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၅၁ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးမှာ ဦးခေါင်း ပွင့်ထွက်၊ ခြေလက်များ ပြတ်ထွက်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ဦးအေးသွင်မှာ ယင်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရေခဲထုပ်ရောင်းသူဖြစ်ကြောင်း၊ ယင်းနေ့က ရေခဲထုပ်နှင့် လဲလှယ်ယူလာခဲ့သော သံတိုသံစများကို နေအိမ်သို့ သယ်ဆောင်လာခဲ့ပြီး အိမ်ရှေ့ ဝါးရုံပင်အောက်တွင် သံတိုသံစများကို ၎င်းက ခွာနေစဉ် ဗုံးသီးဟောင်းတစ်လုံး ထပေါက်ကွဲခဲ့ကြောင်း ယင်းကျေးရွာတွင် နေထိုင်သူများထံမှ သိရသည်။ 

“သေဆုံးသူက ရွာတွေလှည့်ပြီး ရေခဲထုပ်ရောင်းတယ်။ အဟောင်းပစ္စည်းတွေကိုလည်း ရေခဲထုပ်နဲ့ လဲလှယ်ယူတယ်။ အခင်းဖြစ်နေ့က ရေခဲထုပ်နဲ့ လဲလှယ်ယူလာတဲ့ သံတိုသံစတွေထဲက ဗုံးသီးဟောင်းတစ်လုံးကို သူက သံဖြတ်လွှနဲ့ ဖြတ်ရာက ဗုံးသီးက ထပေါက်ကွဲတာလို့ မြင်လိုက်တဲ့သူကပြောတယ်။ သူ့အိမ်ထဲမှာလည်း ရေခဲထုပ်နဲ့ လဲလှယ်ထားတဲ့ ဗုံးသီးဟောင်းတွေက အများကြီးထပ်တွေ့တယ်”ဟု ကြို့ကုန်းတောင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါ ဗုံးသီးဟောင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သေဆုံးသူ ဦးအေးသွင်၏ နေအိမ်ရှေ့ရှိ သံတိုသံစအပုံကို သက်ဆိုင်ရာ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရာ မပေါက်ကွဲသေးသည့် ဗုံးသီးဟောင်း ၂၁ လုံးကို တွေ့ရှိခဲ့ပြီး အမှတ် (၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက်သိမ်းဆည်းယူဆောင်၍ ယင်းနေရာကို ဖောင်ကြီးနယ်မြေရဲစခန်းနှင့် အင်းတိုင်တပ်နယ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်တို့မှ တပ်မတော်သားများက လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US