News

POST TAGGED AS

ချန်ပီယံ

အာရှချန်ပီယံလိဂ်တွင် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်း ဗိုလ်စွဲ
ဆိုးလ်၊ နိုဝင်ဘာ ၂၇

တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယူအေအီးကလပ် အယ်လ်အိန်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံ ဖြစ်သွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် ပထမအကျော့ ပွဲစဉ်တွင် အိမ်ကွင်း၌ အယ်လ်အိန်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယအကျော့အဖြစ် အယ်လ်အိန်းအိမ်ကွင်းသို့ လာရောက်ကစားရာတွင် တစ်ဂိုးစီ သရေရလဒ်ရလဒ် ရယူနိုင်ခဲ့သည့်အတွက် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းက ချန်ပီယံ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အယ်လ်အိန်းအိမ်ကွင်းသို့ လာရောက်ကစားခဲ့သည့် ဒုတိယအကျော့ ပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၃၀ ၌ ဟန်ကျိုဝေါင် သွင်းယူသည့်ဂိုးဖြင့် အယ်လ်အိန်းကို စတင်ဦးဆောင်နိုင်ခဲ့ကာ ယင်းဂိုးကို ပွဲကစားချိန် ၃၄ မိနစ်တွင် အယ်လ်အိန်းက ပြန်လည်ချေပသွားခဲ့ခြင်း ဖြစ်သည်။

အယ်လ်အိန်းအတွက် ချေပဂိုးကို တောင်ကိုရီးယား ကွင်းလယ်ကစားသမား ဖြစ်သည့် လီမြောင်ဂျူးက သွင်းယူပေးခဲ့ခြင်း ဖြစ်ကာ ပွဲကစားချိန် ၄၃ မိနစ်တွင် အယ်လ်အိန်းက ပင်နယ်တီ အခွင့်အရေး ရရှိခဲ့သော်လည်း ယင်းပင်နယ်တီကို တိုက်စစ်မှူး ဒေါက်ဂလပ်စ် ကန်သွင်းရာတွင် လွဲချော်သွားခဲ့သည့် အတွက် အယ်လ်အိန်းက လွန်စွာနစ်နာသွားခဲ့ရသည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခွင့်နှင့် ၁၀ နှစ်ကြာ ဝေးကွာခဲ့ရသည်ကို အဆုံးသတ်လိုက်နိုင်ခြင်း ဖြစ်ပြီး ယခုမတိုင်မီတွင် အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်း ဗိုလ်စွဲခဲ့သည်မှာ ၂၀၀၆ ခုနှစ်က ဖြစ်သည်။

အာရှချန်ပီယံလိဂ် ဆုဖလားသည် တောင်ကိုရီးယား ကေလိဂ်အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ဖိအားများဖြင့် ရင်ဆိုင်နေရသော ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းအတွက် ထွက်ပေါက်တစ်ခု ဖြစ်သွားခဲ့ကာ ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းမှာ ၎င်းတို့၏ ဘောလုံးကင်းထောက်တစ်ဦးက လုပ်ပွဲဖန်တီးပေးရန် ဒိုင်လူကြီးကို လာဘ်ငွေပေးခဲ့ခြင်းအတွက် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ၌ ကိုးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံထားရပြ ဖြစ်သည်။

ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သည့်အတွက် ဂျပန်နိုင်ငံတွင် လာမည့် ဒီဇင်ဘာလ၌ ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ် အဆင့်မှ စတင်၍ ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားခဲ့ပြီ ဖြစ်ကာ အဆိုပါအဆင့်တွင် ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံ မက္ကဆီကိုကလပ် ကလပ်အမေရိကနှင့် ကစားသွားရမည်ဟု ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းက အသိပေးထားသည်။

လက်ရှိတွင် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ရန် အသင်းခြောက်သင်း အဖြေပေါ်လာခဲ့ပြီ ဖြစ်ကာ နောက်ဆုံးအဖြစ် ဂျပန် အမှတ်ပေးပြိုင်ပွဲ ချန်ပီယံအဖြစ် မည်သည့်အသင်း ပြိုင်ပွဲဝင်ခွင့် ရရှိမည် ဆိုခြင်းကိုသာ စောင့်ဆိုင်းကြရတော့မည် ဖြစ်သည်။

ပြိုင်ပွဲဝင်ခွင့် ရထားပြီးသော အသင်းခြောက်သင်းမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ် (ချန်ပီယံလိဂ်ချန်ပီယံ)၊ ကိုလံဘီယာကလပ် အက်သလက်တီကို နေစီယွန်နယ် (ကိုပါလီဘာတာဒိုးစ်ဖလား ချန်ပီယံ)၊ တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်း (အာရှချန်ပီယံလိဂ် ချန်ပီယံ)၊ တောင်အာဖရိကကလပ် မာမီလိုဒီဆန်းဒေါင်းစ် (အာဖရိက ချန်ပီယံလိဂ ချန်ပီယံ)၊ မက္ကဆီကိုကလပ် ကလပ်အမေရိက (ကွန်ကာကပ်ဖ် ချန်ပီယံလိဂ် ချန်ပီယံ) နှင့် နယူးဇီလန်ကလပ် အုတ်ကလန်စီးတီး (သမုဒ္ဒရာ ချန်ပီယံလိဂ် ချန်ပီယံ) တို့ ဖြစ်ကြသည်။



FOLLOW US