News

POST TAGGED AS

ချစ်ကြည်ရေး

မြဝတီ၌ ထိုင်း - မြန်မာ ချစ်ကြည်ရေး သံဃာနှစ်ထောင်ကျော်ကို ဆွမ်းဆန်စိမ်းလောင်းလှူ


ဘားအံ၊ ဖေဖော်ဝါရီ ၂၆

ထိုင်း - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအနေနှင့် နှစ်နိုင်ငံလုံးမှ သံဃာအပါး ၂၃၀၀ ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း မြဝတီမြို့နယ် တောင်ကလေး ကျောင်းတိုက်ထံမှ သိရသည်။

ယခင်က နှစ်သစ်ကူးနေ့အခါသမယတွင် မြဝတီနယ် မဲဆောက်ချစ်ကြည်ရေး တံတားပေါ်တွင် သံဃာတစ်ရာကျော်ခန့်ဖြင့်သာ နှစ်နိုင်ငံဆွမ်းဆန်စိမ်းလောင်းလှူမှုများ ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်၌ မြဝတီမြို့အတွင်း ၂၃၀၀ နီးပါးအထိကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ခြင်းဖြစ်သည်။

“ဆွမ်းဆန်စိမ်းအလှူခံလှည့်တာကတော့ နှစ်နိုင်ငံကြား သိပ်ကွာခြားမှုတော့ မရှိပါဘူး၊ အဓိကကွာတာကတော့ သံဃာတွေ သင်္ကန်းရုံတာရယ်၊ သင်္ကန်းအရောင်ရယ် နည်းနည်းကွာတယ်။ တို့ (ဒို့) ဆီမှာက ဆွမ်းလောင်းရင် မတ်တတ်ရပ်လောင်းတယ်။ ထိုင်းတွေက ပုဆစ်တုပ်ထိုင်ပြီးလောင်းတယ်။ ဒီကြားထဲ သဟဇာတဖြစ်အောင် တို့ဆီကဒကာတွေကလည်း ပုဆစ်တုပ်ထိုင်ပြီးလောင်းလှူပေးကြပါတယ်”ဟု မြဝတီမြို့နယ် သံဃာတော် ဂိုဏ်းပေါင်းစုံစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ယခုဆွမ်းလောင်းလှူမှုကို ထိုင်းနိုင်ငံ ဓမ္မကာယအသင်းနှင့် မြန်မာနိုင်ငံဘက်က သာသနာရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မန္တလေးမြို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“နှစ်နိုင်ငံချစ်ကြည်ရေး ဆွမ်းလောင်းတယ်ပေါ့၊ အရင်ကလည်း အဲ့လိုဆွမ်းလောင်းတာမျိုးရှိတယ်၊ ခုကပိုခမ်းခမ်းနားနား လုပ်ကြတယ်လို့ပြောရမယ်”ဟု မြဝတီမြို့ဒေသခံ ဦးတိုးလေးက ပြောဆိုသည်။

R-17



FOLLOW US