News

POST TAGGED AS

ချင်းပြည်နယ်

လေးမျက်နှာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဒေသခံ ၅၀၀ ခန့် ဆန္ဒပြ


ဟင်္သာတ၊ မေ ၂၁

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ရှိ ဒေသခံပြည်သူ ၅၀၀ခန့်က မေလ ၂၁ ရက် နံနက်တွင် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်ဝင်းက ပြောသည်။ 

ဇန်နဝါရီလက အိုင်သပြုဒေသခံ ၉၀၀ ကျော် ဆန္ဒမဲဖြင့် အုပ်ချုပ်ရေးမှူး ဦးခင်ဇော်ကို အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရဟုဆိုကာ မေလ ၁၂ ရက် တာဝန်မှရပ်စဲလိုက်သည်ကို မကျေနပ်၍ လေးမျက်နှာမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ဆန္ဒထုတ်ဖော်ရာတွင် ပြည်သူ့ဆန္ဒ မျက်ကွယ်ပြုသည့် လွှတ်တော်ကိုယ်စားလှယ်တွေ အလိုမရှိ၊ ဥပဒေအလွဲသုံးစားပြုကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အလိုမရှိ၊ မလျော်ဩဇာသုံးသည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်စီးအောင်လုပ်သည့် လွှတ်တော်ကိုယ်စားလှယ် အလိုမရှိ၊ ပြည်သူကို စော်ကားသည့် လွှတ်တော်ကိုယ်စားလှယ်တွေ ကျဆုံးပါစေ စသည်တို့အပါအဝင် ကြွေးကြော်သံများဖြင့် လမ်းလျှောက်ကြွေးကြော်ခဲ့ကြောင်း ၎င်းထံမှသိရသည်။ 

“အရင်ကတည်းက အုပ်ချုပ်ရေးမှူး လုပ်ခဲ့တာပါ၊ လွန်ခဲ့တဲ့ ၁ နှစ်လောက်က တိုင်စာကို အကြိမ်ကြိမ် စစ်ဆေးပြီးတဲ့အပြင် နောက်တစ်ကြိမ် ပြန်ရွေးတော့လည်း မဲအပြတ်အသတ်နဲ့ အနိုင်ရလို့ အုပ်ချုပ်ရေးမှူး ခန့်ထားခဲ့ပြီးမှ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အရဆိုပြီး ဖြုတ်ခံရတာပါ”ဟု တာဝန်မှ အနားပေးခံရသည့် ဦးခင်ဇော်က ပြောသည်။ 

လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို ဒီမိုကရေစီစနစ်အရ စောင့်ကြည့်ခြင်းသာရှိပြီး ဝင်ရောက်စွက်ဖက်ခြင်း ဖိအားပေးခြင်းများ မရှိခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်တာဝန်မှ ရပ်စဲခံရခြင်းမှာ တိုင်ကြားစာအရ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်၏ စစ်ဆေးတွေ့ရှိချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ခြင်းသာဖြစ်ကြောင်း ပြောကြားသည်။
 
R-13



FOLLOW US