News

POST TAGGED AS

ချင်းတွင်း

23-Apr-2018

သင်္ကြန်
မွန်နှင့် ကရင် သင်္ကြန်တစ်ခေါက်
သင်္ကြန်ရက်များအတွင်း မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ ဘားအံ အစရှိသည့် မွန်နှင့် ကရင်ပြည်နယ်မြို့အချို့ကို ရောက်ရှိဖြစ်ခဲ့သည်။ ရန်ကုန်မြို့ကလွဲပြီး နယ်အဝေးသို့ ကိုယ်ပိုင်ကားဖြင့် သွားလေ့မရှိသော စာရေးသူအတွက်တော့ အသစ်အဆန်းဖြစ်သလို စိတ်လှုပ်ရှားစရာလည်းကောင်းပါသည်။ လွန်ခဲ့သည့်နှစ်များစွာက ထိုဒေသများကို မီးရထားဖြင့်၊ အဝေးပြေးဘတ်စ်ကားများဖြင့် ရံဖန်ရံခါ သွားခဲ့ဖူးသော်လည်း ယခုလိုမျိုးတော့ မသွားခဲ့ဖူးပါ။ လမ်းတွေကလည်းကောင်း၊ ကြည့်စရာ ရှုစရာ ပတ်ဝန်းကျင်ကလည်း သာသာယာယာမို့ စိတ်ကြည်နူးစရာကောင်းလှသော ခရီးစဉ်တစ်ခုပင်။ 

ရန်ကုန်-မော်လမြိုင်ကားလမ်းက အတော်လေး ပြေပြစ်ချောမွေ့ကောင်းမွန်လာခဲ့သလို လမ်းတစ်လျှောက်မှာလည်း ယခင်က မရှိခဲ့သော စားသောက်ဆိုင်တွေ၊ စက်သုံးဆီဆိုင်တွေ တွေ့လာရသည်။ အမြဲတမ်း သွားလာနေကြသူတွေအတွက် အသစ်အဆန်းမဟုတ်တော့သော်လည်း ကိုယ်တွေအတွက်တော့ အသစ်အဆန်းတွေဖြစ်နေသည်။ ကျိုက်ထိုမြို့အဝင်မှာ နာမည်ကြီး Feel စားသောက်ဆိုင်လို၊ ခိုင်ခိုင်ကျော်လိုဆိုင်တွေ တိုးလာတာ တွေ့ရသည်။ သည်လမ်းမပေါ်မှာ နာမည်ကြီးသော “စိမ်းလဲ့တင်” မှာလည်း ကိုယ်ပိုင်ကားတွေတန်းစီပြီး ရပ်နားနေတာတွေ့ရသည်။ ရန်ကုန် - ကျိုက်ထီးရိုးကားလမ်းက ပြည်တွင်းခရီးသွားများရော နိုင်ငံခြားသားခရီးသွားများပါ အများဆုံး အသုံးပြုနေသော လမ်းတစ်လမ်းဖြစ်သည်။ တစ်လမ်းလုံး ကားတွေ ဥဒဟို အဆက်မပြတ်။ ရန်ကုန်ထွက်ကတည်းက မြို့တိုင်းလိုလို မြို့ဝင်ကြေးပေးရသည်။ မများလှပါ။ ၂၀၀ ကျပ်။ မြို့ဝင်ကြေးပေးပြီးတော့ လမ်းတစ်လျှောက် အပိုင်းလိုက် Toll ဂိတ်တွေမှာ ဖြတ်သန်းခပေးရပြန်သည်။ BOT စနစ်အရ ဒီလမ်းပိုင်းကို သူတို့ကထိန်းသိမ်းနေရသည့်အတွက် ပေးဆောင်ရခြင်းဖြစ်သည်ဟု ဆိုသည်။ မြို့တွေ၊ လမ်းတွေက ဆက်နေတော့ တစ်နေရာရောက်တိုင်း ၂၀၀ ကျပ်၊ ၅၀၀ ကျပ် စသည်ဖြင့် ပေးလာလိုက်သည်မှာ ခရီးဆုံးရောက်တော့ နှစ်ထောင်ကျော်၊ သုံးထောင်လောက်ကျသင့်နေသည်။ မြို့ဝင်ကြေးကို ဘီးခွန်ဟုလည်းခေါ်သည်။ ထိုလမ်းမပေါ်တွင် ထောင်ပေါင်းများစွာသောကားတွေ ဥဒဟိုသွားလာနေကြသဖြင့် မြို့ဝင်ကြေးတွေ၊ လမ်းကြေးတွေတော်တော်တော့ ရကြမည်ထင်သည်။ မြို့အဝင်တိုင်းမှာ နေ့ရောညပါ မြို့ဝင်ကြေးကောက်နိုင်ဖို့ မီးတိုင်တွေတန်းစီပြီး စိုက်ထားတာလည်းတွေ့ရသည်။ ပေးရသည့် မြို့ဝင်ကြေး ပမာဏက မများလွန်းလှသော်လည်း မြို့တိုင်း မြို့တိုင်းက ယခုလိုကောက်ခံနေကြတာကိုကြည့်ပြီး စိတ်ထဲဘဝင်မကျသလိုတော့ ဖြစ်မိသည်။ အခြားနိုင်ငံတွေမှာ ဒီလိုပဲမြို့အဝင်မှာ တားပြီး ဝင်ကြေးကောက်နေကြသလားမသိပါ။ အာဏာပိုင်တွေနှင့် လုပ်ငန်းရှင်တွေ လက်ဝါးချင်းရိုက် လေလံပေးထားသော လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံ့ဘဏ္ဍာထဲသို့ ဘယ်လောက်ရောက်သည်ကိုတော့ ဘယ်သူမှ မသိနိုင်ပါ။ စိတ်ထဲဘဝင်မကျလှသော်လည်း အများနည်းတူ မြို့ဝင်ကြေးတွေ၊ လမ်းကြေးတွေ တောက်လျှောက်ပေးပြီး ခရီးဆက်ရသည်။

ရန်ကုန်-မော်လမြိုင်လမ်းက အတော့်ကိုကောင်းသွားတာတော့ အမှန်။ လမ်းတွေကောင်းသွားသလို နယ်မြေဒေသကလည်း အေးချမ်းသွားသဖြင့် ယခုနှစ်များအတွင်း ပြည်တွင်းခရီးသွားတွေက မွန်နှင့် ကရင်ပြည်နယ် ဒေသန္တရဘုရားဖူးခရီးစဉ်ကို အများဆုံး ရွေးချယ်လာခဲ့ကြသည်။ အချို့က အာရှအဝေးပြေးလမ်းမကြီးအတိုင်း ထိုင်းနိုင်ငံနယ်စပ် မြဝတီ၊ မဲဆောက်အထိ သွားကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်၊ သုံးဆယ်ကာလတုန်းကတော့သည် လမ်းမတွေက ယခုလို ညက်ညက်ညောညော မရှိသေးသလို နယ်မြေအခြေအနေကလည်း အေးအေးချမ်းချမ်းမရှိ။ ကရင်ပြည်နယ်မှာ ပစ်သံခတ်သံတွေ မပြတ်ကြားနေရသည်။ မီးရထားတံတား မိုင်းခွဲတာ၊ ကားလမ်းဓားပြတိုက်တာတွေက မရိုးနိုင်သော ပုံပြင်တွေဖြစ်သည်။ မှောင်ခိုတစ်ခေတ်လုံး ရန်ကုန်-မော်လမြိုင်က ရထားကိုသာ အားကိုးအားထားပြုရသည်။ ကရင်ပြည်နယ် ဘားအံဆိုသည်ကလည်း မော်လမြိုင်ရောက်ပြီးမှ သင်္ဘောခရီး အဓိကအားကိုးသွားရသည့်မြို့။ ရထားသည်ပင် မော်လမြိုင်ကို တိုက်ရိုက်မပေါက်။ မုတ္တမဆိုသော ရထားလမ်း ဆုံးမြို့ကလေးမှတစ်ဆင့် မော်လမြိုင်ဘက်ကမ်းသို့ နှစ်ထပ်ကူးတို့သင်္ဘောတွေ၊ ဇက်သင်္ဘောကြီးတွေနှင့် ကူးပြီးမှရောက်သည်။ ပြောရလျှင် ထိုစဉ်ကာလများက မွန်နှင့် ကရင်ပြည်နယ်က အမည်းရောင်နယ်မြေ။ ထိုင်းမြန်မာနယ်စပ်မှာ ကေအင်ယူ၊ မွန်ပြည်သစ်တို့ ခြေကုပ်ယူထားသည်။ ၁၉၈၈ အရေးအခင်းကြီးပြီးတော့ ကျောင်းသားလက်နက်ကိုင်အဖွဲ့တွေပါ တိုးပွားလာသည်။ ညနေ ၆း ၀၀ နာရီကျော်လျှင် ကားလမ်းတံတားတွေကို ဖြတ်ကျော်သွားလာခွင့်မရှိတော့။ ညအမှောင်ယွန်းသည်နှင့် ချောက်ချားစရာဖြစ်သွားသော နယ်မြေ။ သည်ဒေသမှာ မာနယ်ပလောတိုက်ပွဲလို တိုက်ပွဲကြီးတွေဖြစ်သည်။ ဒေသခံတိုင်းရင်းသားတွေ တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ရသည်။ ထိုင်း-မြန်မာနယ်စပ်မှာ ဧရာမဒုက္ခသည်စခန်းကြီးတွေ ပေါ်လာသည်။ 

ထိုင်းနယ်စပ်မှာ ကေအင်ယူမှ ဒီကေဘီအေခွဲထွက်မှု ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာတော့ ဘားအံမြို့အနီးမှာ သံလွင်မြစ်ကူးတံတားကြီးတစ်စင်း ပေါ်လာသည်။ ရန်ကုန် - ဘားအံ ခရီး တိုက်ရိုက် စတင်နိုင်ခဲ့သည်။ မော်လမြိုင်အနီးမှာ အတ္ထရံကြိုးတံတား၊ ဂျိုင်းကြိုးတံတားကြီးတွေ ပြီးသွားတော့ ရန်ကုန် - မော်လမြိုင် တိုက်ရိုက်သွားလာနိုင်ခဲ့သည်။ မုတ္တမ - မော်လမြိုင် သံလွင်တံတားကြီး မရှိသေး။ ယခုအချိန်မှာ ထိုဒေသများသို့ နေ့နေ့ညည အချိန်မရွေး စိတ်အေးလက်အေး ဥဒဟိုသွားလာနိုင်ပြီဖြစ်သော်လည်း ဟိုစဉ်တစ်ချိန်ကတော့ သည်နေရာတွေက ကားတစ်တန်၊ လှေတစ်တန်၊ သင်္ဘောတစ်တန်နှင့် ရင်တမမသွားခဲ့ရသည်ကို မမေ့နိုင်သေးပါ။ သာမညဆရာတော်ဘုရားကြီး သက်ရှိထင်ရှားရှိစဉ်က ရန်ကုန် - သာမည ခရီးစဉ်က အတော်ပင် အသွားအလာစိပ်ခဲ့သည်။ ထိုစဉ် ရန်ကုန်မှထွက်သောကားတွေ ဘားအံတစ်ဖက်ကမ်း မြိုင်ကလေးအထိသာရောက်သည်။ မြိုင်ကလေးဘက်မှ ဘားအံသို့ သံလွင်မြစ်ကို လှေစီးဖြတ်ကျော်ပြီးမှ သာမညကို ခရီးဆက်ရသည်။ ဘားအံမြို့က သံလွင်မြစ်ကမ်းနဖူးပေါ်တွင် တည်ရှိသလို ဟိုတစ်ချိန်တုန်းကတော့ ရေကြောင်းလမ်းခရီးတစ်ခုတည်းကိုသာ အဓိက အားထားခဲ့ရသည်။ 

မရောက်ဖြစ်သည့် သုံးလေးနှစ်အတွင်းမှာ သည်ဒေသက အပြောင်းအလဲကြီး ပြောင်းလဲသွားသည်ကို အံ့အားသင့်နေမိသည်။ သထုံကိုကျော်လွန်သည်နှင့် မော်လမြိုင်၊ ဘားအံက အလှမ်းမဝေးတော့။ မုတ္တမ - မော်လမြိုင် တံတားကြီး ပြီးသွားကတည်းက ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ် တစ်ဆက်တည်း အရပ်အနားမရှိ နေ့နေ့ညညသွားလာနိုင်ခဲ့သည်။ ယခင်လို တံတားအရောက်မှာ မိုးချုပ်သွားလို့ ညအိပ်စောင့်ရတာမျိုးတွေမရှိတော့။ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းသွားတော့ မြို့တွေကလည်း ပုံသဏ္ဌာန်ပြောင်းသွားသည်။ ဟိုတစ်ချိန်က သံလွင်မြစ်ထဲက လှမ်းကြည့်လိုက်လျှင် ခနော်နီခနော်နဲ့ ခြေတံရှည်တိုင်လုံးကြီးတွေနှင့် အဆောက်အအုံဟောင်းတွေ၊ မြစ်ဘက်မျက်နှာမူထားသော ဆိပ်ခံတံတားတွေနှင့် မော်လမြိုင်ကမ်းနားက ဟိုတယ်သစ်ကြီးတွေ၊ အဆောက်အအုံသစ်တွေနှင့် သပ်ရပ်လှပနေသည်။ သံလွင်မြစ်ဝထဲက ခေါင်းဆေးကျွန်းသည် ယခုအခါ သံလွင်တံတားကြီးအောက် ရောက်သွားပြီ။ ဘားအံကျပြန်တော့ ရန်ကုန်-မြဝတီ အာရှအဝေးပြေးလမ်းမကြီးပေါ်မှာ ယခင်လို သွေ့သွေ့ခြောက်ခြောက် မြို့ငယ်မဟုတ်တော့။ ဟိုတယ်သစ်တွေ၊ နိုင်လွန်ကတ္တရာလမ်းတွေ၊ ပန်းခြံတွေနှင့် အတော်ပင်တိုးတက်ပြောင်းလဲသွားတာ တွေ့ရသည်။ ယခု ဘားအံမှာ သင်္ဘောဆိပ်မရှိတော့ပါ။ တစ်ခါတုန်းက စည်စည်ကားကားဖြစ်ခဲ့သော မော်လမြိုင်ဆိပ်ကမ်း ဗောတံတားတွေလည်း ယခုတော့ အသက်မဲ့သွားပြီ။ အနီးဆုံး ဘီလူးကျွန်းသည်ပင်လျှင် တံတားသစ်ကြီးနှင့် ပနံရနေသည်။

ဆယ်စုနှစ်တစ်ခုအတွင်း သည်ဒေသ ပြောင်းလဲသွားရသည့် အကြောင်းအရင်းတစ်ခုက လက်နက်ကိုင်ပဋိပက္ခ ကြီးကြီးမားမား မရှိတော့တာလည်းပါသည်။ ထူးခြားသည်ဟု ဆိုရမည်။ ကေအင်ယူသည် အစောဆုံး အန်စီအေလက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် အဓိက လက်နက်ကိုင်အုပ်စုတစ်စု ဖြစ်လာခဲ့သည်။ ၁၉၈၉ ခုနှစ် အရှေ့မြောက်ပိုင်းဒေသမှာ ဗကပပြိုကွဲအပြီး ပေါ်ပေါက်လာသည့် လက်နက်ကိုင်အစုအဖွဲ့များနှင့် နဝတအစိုးရတို့ လက်နက်နှင့်ငြိမ်းချမ်းရေး အလဲအလှယ်ပြုလုပ်နေကြစဉ်မှာ ကရင်ပြည်နယ်မှာတော့ တိုက်ပွဲကြီးတွေ ပြင်းထန်နေဆဲဖြစ်သည်။ နဝတသည် အခြားသော လက်နက်ကိုင်အစုအဖွဲ့များကို အပေးအယူလုပ် ချွေးသိပ်ငြိမ်းချမ်းရေး လုပ်ထားနိုင်ခဲ့သော်လည်း ကေအင်ယူနှင့်တော့ မလုပ်နိုင်ခဲ့။ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်ကျမှ ကေအင်ယူ၊ ဒီကေဘီအေနှင့် တပ်မတော်ဆက်ဆံရေး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး နောက်ဆုံးအန်စီအေ လက်မှတ်ရေးထိုးသည်အထိဖြစ်ခဲ့သည်။ ယခုတော့ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲသံတွေ ပြင်းထန်နေသလောက် ကရင်ပြည်နယ်မှာ အသံတိတ်နေခဲ့သည်။ အကျိုးဆက်ကတော့ ဟိုတစ်ချိန်က ချောက်ချောက်ချားချား သွားလာခဲ့ရသည့်နယ်မြေမှာ စိတ်အေးချမ်းသာ သွားလာနိုင်လာခြင်းဖြစ်သည်။

ရောက်တုန်းရောက်ခိုက် အဝေးကသာ အမြဲမျှော်ကြည့်ခဲ့ရသည့် ဘီလူးကျွန်းကို တံတားကြီးဖြတ်ပြီး သွားကြည့်ဖြစ်ခဲ့သည်။ ဘီလူးကျွန်းကတော့ အပြောင်းအလဲသိပ်မရှိသေးပါ။ ရှေးတုန်းကလို မွန်ရိုးရာအိမ်လေး တွေနှင့် ရွာတွေက တစ်ဆက်တစ်စပ်တည်း ရှိနေသည်။ ချောင်းဆုံအထိ ရွာလမ်းကျဉ်းကျဉ်းလေးတွေကို ဖြတ်ရသည်။ နာမည်ကျော်ခဲ့ဖူးသော ရွာလွတ်တို့ မုဒွန်းတို့က အိမ်တွင်းလက်မှုလုပ်ငန်းတွေက သည်ဘက်ခေတ်မှာတော့ မတွင်ကျယ်လှတော့။ မော်လမြိုင်သင်္ကြန်က နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်ကြသည်။ အပြန်မှာ အတ္ထရံနှင့် ဂျိုင်းကြိုးတံတားနှစ်စင်းကို ဖြတ်၍ ဘားအံသို့ ဝင်ခဲ့သည်။ လမ်းတစ်လျှောက်လုံး လူငယ်လူရွယ်တွေ ဟိုနားတစ်စု၊ သည်နားတစ်စု ကားလမ်းဘေးမှာ ဆောင်းဘောက်အကြီးကြီးတွေနှင့် ဒီဂျေတီးလုံးတွေဖွင့်ပြီး ရေပက်ကစားနေကြတာ တွေ့ရသည်။ သင်္ကြန်က ကျေးလက်ရော မြို့ပြပါ ဒီဂျေသံလွှမ်းသော၊ ပါတီအကများဖြင့် လှုပ်ရွသောပွဲတော်တစ်ခုဖြစ်နေပြီ။ ပျော်စရာတော့ကောင်းပါသည်။ ဘယ်နေရာကြည့်ကြည့် ခုန်ပေါက်ပျော်ရွှင်နေသော ရေကစားသူတွေကိုတွေ့ရသည်။ 

တစ်နှစ်မှ တစ်ခါသာ ပျော်ကြရသော နှစ်သစ်ကူးပွဲတော်ဖြစ်သလို ယခုပျော်ရွှင်နေကြသော လူငယ်လူရွယ် အတော်များများကလည်း တစ်နှစ်မှတစ်ကြိမ် မိမိတို့ရပ်ရွာကို ပြန်လာပြီး ပျော်ခွင့်ရကြသူများဖြစ်သည်။ သင်္ကြန်ပြီးသည်နှင့် သူတို့လုပ်ငန်းခွင်အသီးသီးရှိရာ တစ်ဖက်နိုင်ငံဆီသို့ ပြန်ကြရမည်မဟုတ်ပါလား။ မွန်၊ ကရင်ပြည်နယ်တွေက ယခင်လို ပစ်ခတ်သံတွေ၊ ထိတ်လန့်ကြောက်ရွံ့နေရမှုတွေ မရှိတော့သော်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ယနေ့အထိ ပျောက်ဆုံးနေဆဲပါ...။

ချစ်ဝင်းမောင်



FOLLOW US