News

POST TAGGED AS

ချင်းတွင်းမြစ်

ချင်းတွင်းမြစ်ကူးတံတားနှစ်စင်း ဧပြီလအတွင်း ဖွင့်မည်
ကလေး၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့အနီးတို့တွင် တည်ဆောက်လျက်ရှိသော ချင်းတွင်းမြစ်ကူးတံတားနှစ်စင်းကို လာမည့်မတ်လအကုန် ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။ 

ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်ကို ဖြတ်ကူးတည်ဆောက်နေသည့် ဟုမ္မလင်း - ကပ်သာတံတားနှင့် ခန္တီးမြို့အနီး ခန္တီး - ဆင်သေမြစ်ဖြတ်ကူးမည့် တံတားနှစ်စင်းကို ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်နေခြင်းဖြစ်ပြီး ချင်းတွင်းမြစ်ကူးတံတား အသစ်နှစ်စင်းအနက် ခန္တီးမြို့အနီး တည်ဆောက်နေသည့် တံတားကို မတ်လကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကာ ဟုမ္မလင်းမြို့အနီး တည်ဆောက်နေသည့် တံတားကို ဧပြီလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဟုမ္မလင်းတံတားကတော့ ပြီးခဲ့တဲ့ မိုးတွင်းတုန်းက ရေကြီးလိုက်တာမှာ ချဉ်းကပ်လမ်းပေါ် ရေကျော်ပြီး ရေတိုက်စားတဲ့အတွက် ပြန်ပြီးတော့ မြေဖို့ရတယ်။ သူက လုပ်ငန်းစတာလည်း ခန္တီးထက်နောက်ကျတော့ ခန္တီးတံတားဖွင့်ပြီးမှ ဟုမ္မလင်းတံတား ဖွင့်နိုင်မယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ဆိုသည်။ 

ခန္တီးမြို့အနီး ချင်းတွင်းမြစ်ကူးတံတားသည် အရှည်ပေ ၂၆၀၀ ကျော်ရှိကာ တည်ဆောက်ရေးလုပ်ငန်းအတွက် ကျပ်သန်း ၂၄ ဘီလီယံကျော် အသုံးပြု တည်ဆောက်နေခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်ကူးတံတားသည် အရှည်ပေ ၂၇၀၀ ကျော်ရှိကာ ကျပ်သန်း ၂၄ ဘီလီယံနီးပါး အသုံးပြုတည်ဆောက်နေခြင်းဖြစ်ကြောင်း ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါတံတားနှစ်စင်း ဖွင့်လှစ်ပြီးပါက ချင်းတွင်းမြစ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် ဆင်ဖြူရှင်တံတား၊ မုံရွာမြို့အနီးတံတား၊ ကလေးဝမြို့အနီးတံတား အပါအဝင် တံတားငါးစင်း ရှိလာမည်ဖြစ်သည်။

“ခန္တီးတံတားဆိုရင် နာဂဒေသအတွက် အရေးပါတဲ့ တံတားတစ်ခုဖြစ်ပါတယ်။ ဒီတံတားကြီးပြီးရင် နာဂဒေသအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်လာတော့မှာပေါ့”ဟု လဟယ်မြို့နေ ဦးမျိုးထွန်းက ပြောဆိုသည်။

R-20



FOLLOW US