News

POST TAGGED AS

ချင်းတွင်းမြစ်

ဒလတံတားစီမံကိန်းနှင့် မလွတ်သည့် အဆောက်အအုံများ ယခုလကုန်အပြီး ဖယ်ရမည်
ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်တွင် အပြီးဖယ်ရှားပေးရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

မြန်မာ-ကိုရီးယား ပူးပေါင်းတည်ဆောက်မည့် ဒလတံတားစီမံကိန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်၌ ခြံစည်းရိုး ကာရံမည်ဖြစ်ပြီး ဒလမြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြေကွက် ၆၅ ကွက်နှင့် ဆိုင်ခန်းများ၊ အိမ်များနှင့် အဆောက်အအုံများမှာ ပြောင်းရွှေ့ခြင်း မရှိသောကြောင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေနှင့် ညှိနှိုင်းဖယ်ရှားပေးရန် ဇန်နဝါရီလ ၂ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တံတားစီမံကိန်း၊ စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ခေါင်းဆောင် အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။

“လုပ်ငန်းစတော့မယ်။ မပြောင်းရွှေ့သေးတဲ့ နေအိမ်အဆောက်အအုံတွေ အများကြီးကျန်နေသေးတယ်။ အားလုံးကို နစ်နာကြေးလည်း ပေးပြီးသားပါ။ အခုက မြို့နယ်ထွေ/အုပ်က တစ်ဆင့် အသိပေးလှုံဆော်တယ်၊ မလိုက်နာရင်တော့ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်မယ်” ဟု ၎င်းက ဆိုသည်။

ဒလတံတားစီမံကိန်းကို အမေရိကန် ဒေါ်လာ ၁၃၈ သန်းခန့် အသုံးပြု၍ မြန်မာ-ကိုရီးယားက စာချုပ်ချုပ်ဆို အကောင်အထည် ဖော်နေခြင်းဖြစ်ပြီး စီမံကိန်းကာလ ငါးနှစ်သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်-ဒလတံတားအရှည် သည် ၂၂၄၃ မီတာ ရှည်လျားပြီး ရန်ကုန်မြို့ ဘုန်းကြီးလမ်း၊ ကမ်းနားလမ်းတို့မှ ဖြတ်၍ ဒလဘက်ကမ်းရှိ ဗိုလ်မင်းရောင် လမ်းထိပ်အထိ ဆက်သွယ်ထားရှိမည် ဖြစ်ပြီး သင်္ဘောကြီးများ သွားလာနိုင်ရန် ရေလမ်းကင်းလွတ် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ် အကျယ် ၈၂၃ ပေ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနမှ သိရသည်။

“တံတားဆောက်မှာ အတည်ဖြစ်လို့ မြေဈေးတွေတောင် တက်နေတယ်။ မပြောင်းရင်တော့ ဥပဒေအရ တရားစွဲခံရမှာပေါ့။ တချို့အိမ်လေးတွေတော့ ပြောင်းနေကြပြီ၊ မပြောင်းရသေးတဲ့ နေအိမ်တွေလည်း အများကြီးကျန်သေးတယ်”ဟု ဒလမြို့နယ် ဒေသခံတစ်ဦးက ဆိုသည်။

ရန်ကုန်-ဒလတံတားကို ၂၀၁၃ ခုနှစ်အတွင်း ဆောက်လုပ်မည့် စီမံချက်ရှိခဲ့သော်လည်း ငွေကြေး မလုံလောက်မှုကြောင့် ၂၀၁၄ ခုနှစ်က ရပ်ဆိုင်းခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် လုပ်ငန်း ပြန်လည်စတင်ခြင်း ဖြစ်သည်။

ထို့အပြင် တံတားစီမံကိန်းအတွက် ချေးငွေအတိုးနှုန်းကို ၀ ဒသမ ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ဆိုင်းငံ့ကာလ ၁၅ နှစ် အပါအဝင် ပြန်ဆပ်ကာလ ၂၅ နှစ် သတ်မှတ်ကာ တစ်နှစ်လျှင် နှစ်ကြိမ်ဆပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။            

J-17



FOLLOW US