News

POST TAGGED AS

ချင်းတိုင်းရင်းသား

မြေယာပိုင်ဆိုင်ခွင့်နှင့် မှတ်ပုံတင်၌ မှားယွင်းနေမှု ပြင်ပေးရန် ချင်းတိုင်းရင်းသားများ တောင်းဆို


ပြည်၊ ဖေဖော်ဝါရီ ၂၀ 

မကွေးတိုင်းအတွင်း၊ ချင်းတိုင်းရင်းသားများ၏ မြေယာနယ်နိမိတ်များ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရေးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် မှားယွင်းနေမှုများကို အမှန်ဖြစ်ရေး စသည့်အချက်များကို ပြင်ဆင်ဆောင်ရွက်ပေးစေလိုကြောင်း ချင်းအမျိုးသားနေ့တွင် အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ဆလိုင်းဖွိုင်ဗောက ပြောကြားသည်။

“တိုင်းရင်းသားတွေအတွက် လိုအပ်နေတာတွေပေါ့။ အခုချမှတ်ခဲ့တဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ်မူဝါဒတွေကို တောင်းဆိုသွားမယ်။ နောက် တိုင်းရင်းသားရိုးရာပွဲတွေမှာ နွား၊ ဝက်တွေအသုံးပြုရတဲ့အခါမှာလည်း အခက်အခဲဖြစ်ရတာတွေ တောင်းဆိုသွားမယ်”ဟု ၎င်းက ဆိုသည်။

နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ အင်းလည်ကုန်းကျေးရွာတွင် ကျင်းပခဲ့ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးအပါအဝင် မကွေးတိုင်းဒေသကြီးအတွင်း ချင်းလူမျိုးများနေထိုင်သော မြို့နယ်အသီးသီးမှ ချင်းတိုင်းရင်းသားများလည်း တက်ရောက်ခဲ့သည်။

“တိုင်းရင်းသားတွေ ခံစားနေရတာနဲ့ ဖြစ်နေတဲ့ နိမ့်ကျနေတဲ့ကိစ္စတွေကို ပေါ်ပေါက်လာအောင် အခွင့်အရေးတွေ ရလာအောင်လုပ်စေချင်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို စာနဲ့တရားဝင်လာရင် ကျွန်တော်တို့ အစိုးရအဖွဲ့မှာလည်း ဒါကိုတင်ပြပြီးတော့ အကောင်အထည်ဖော်ချင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးလှထွန်းက ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြားများတွင် ဥပမာအားဖြင့်၊ ဆလိုင်း/မိုင် နေရာတွင် မောင်/မဖြစ်နေခြင်း၊ လူမျိုးနေရာတွင် ချင်းအစား ဗမာဖြစ်နေသည်ကို ပြင်ဆင်ပေးစေလိုခြင်းနှင့် ချင်းတိုင်းရင်းသားများနေထိုင်သော ကျေးရွာများ ပြည်ထဲရေးအမည် မပေါက်သေးခြင်းကို ဆောင်ရွက်ပေးရန် စသည့် အချက်များပါဝင်ကြောင်း အရှိုချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီထံမှ သိရသည်။ 

ယင်းသို့မှတ်ပုံတင်တွင် လူမျိုးစု သင်္ကေတမှားယွင်းခြင်းနှင့် လူမျိုးနာမည် မှားယွင်းဖော်ပြခြင်းတို့ကြောင့် တိုင်းရင်းသားများ၏ လူဦးရေလျော့နည်းပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးရွေးချယ်သည့် အခါတွင်လည်း ရာခိုင်နှုန်းမပြည့်ဘဲ ရွေးချယ်ခံရခွင့်ဆုံးရှုံးရသည့်အပြင် တိုင်းရင်းသားကျေးရွာများမှာလည်း တရားမဝင် အမည်မပေါက်သဖြင့် အစိုးရကလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း အရှိုချင်းအမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး ၂ ဦးဇီတိုးက ပြောဆိုသည်။

“ပညာရေး၊ ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေးကအစ အကုန်ဆုံးရှုံးရတယ်။ ဒါတွေကို လုပ်ပေးဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

M-06




FOLLOW US