News

POST TAGGED AS

ခုံးကျော်တံတား

မန္တလေးဘူတာကြီးခုံးကျော်တံတား ယနေ့မှစ၍ အခမဲ့ဖြတ်ခွင့်ရပြီ


မန္တလေး၊ မေ ၃၁

မန္တလေးဘူတာကြီး ခုံးကျော်တံတားကို ဇွန်လ ၁ ရက် (ယနေ့) မှစ၍ အခမဲ့ ဖြတ်သန်းသွားလာခွင့် ရရှိသွားပြီဖြစ်သည်။

မြန်မာ့မီးရထား မန္တလေးဘူတာကြီးအနေနှင့် ဇွန်လ ၁ ရက်နေ့က စတင်ကာ ငွေကောက်ခံတော့မည်မဟုတ်ဘဲ အခမဲ့ဖြတ်သန်းခွင့်ပြုပေးမည်ဟု မြန်မာ့မီးရထား စီးပွားရေးမန်နေဂျာ ဦးအောင်ချမ်းမြေ့က ပြောကြားသည်။

“ဝန်ကြီးဌာနကနေပြီးတော့ ခရီးသွားပြည်သူတွေဆီက ပိုက်ဆံမကောက်ဖို့ စာနဲ့ညွှန်ကြားတာ။ အဲဒီအတွက် Free (အခမဲ့) ဖြတ်သန်းခွင့်ပေးတာပေါ့” ဟု ၎င်းကပြောဆိုသည်။

မန္တလေးဘူတာကြီးသည် လမ်း ၃၀၊ ၇၈ လမ်းနှင့် လမ်း ၈၀ ကြားတွင်ရှိပြီး မြို့အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို ပိုင်းခြားထားသကဲ့ဖြစ်နေရာ ဘူတာကြီး ခုံးတံတားကို ဖြတ်သန်းသွားလာပါက မော်တော်ဆိုင်ကယ်တစ်စီးလျှင် ၁၀၀ ကျပ်၊ မော်တော်ယာဉ်တစ်စီးလျှင် ၂၀၀ ကျပ် ပေးဆောင်နေရသည်။

ယင်းသို့တံတားဖြတ်သန်းခ ကောက်ခံခြင်းကို တစ်နှစ်တစ်ကြိမ် လေလံစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်ခန့်က စတင်ကောက်ခံခြင်း ဖြစ်ကြောင်း၊ ကောက်ခံရရှိငွေများကို ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်အစိုးရသို့ ပေးသွင်းရကြောင်း၊ တံတားဖြတ်သန်းခ ကောက်ခံခြင်းအပြင် ကြော်ငြာလုပ်ငန်း၊ စားသောက်တွဲလုပ်ငန်း၊ တာဝါတိုင်ငှားရမ်းခြင်း၊ မြေငှားရမ်းခြင်းစသည့်လုပ်ငန်းများမှလည်း ဝင်ငွေရရှိကြောင်း မြန်မာ့မီးရထား (အထက်မြန်မာပြည်) ထံမှ သိရသည်။

M-07



FOLLOW US