News

POST TAGGED AS

ခုံးကျော်တံတား

အမှိုက်နှင့် မစင်စွန့်မှုများရှိလာ၍ တာမွေခုံးတံတားအောက် စောင့်ကြည့်ကင်မရာ ၁၀၀ ခန့် တပ်

ရန်ကုန်၊​ ဇန်နဝါရီ ၁၄

တာမွေခုံးကျော်တံတားအောက်ခြေတစ်လျှောက်တွင် အမှိုက်စွန့်ပစ်မှုများ၊ အညစ်အကြေး စွန့်ပစ်မှုများကို အရေးယူရန် စောင့်ကြည့်ကင်မရာ ၁၀၀ ခန့် ၂၀၁၈ ဇန်နဝါရီ ပထမပတ်အတွင်းက တပ်ဆင်ထားပြီဖြစ်ကြောင်း တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးထံမှ​ သိရသည်။ 

Y ပုံသဏ္ဍာန် တည်ဆောက်ထားသည့် တာမွေခုံးကျော်တံတားသည် ဗညားဒလလမ်းမှ ဦးချစ်မောင်လမ်းနှင့် အရှေ့မြင်းပြိုင်ကွင်းလမ်းသို့ ဖောက်လုပ်ထားသည့်အတွက် တံတားအောက်ခြေများတွင် မစင်စွန့်ပစ်မှုနှင့် အမှိုက်စွန့်ပစ်မှုများ ရှိလာခြင်းကြောင့် CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း တာမွေမြို့နယ် အုပ်ချုပ်ရေးရုံးမှ​ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

“တံတားအပိုင်းလိုက် ကားပါကင်တွေ ထိုးလို့ရအောင် စီစဉ်ပေးထားတယ်။ စည်းကမ်းအားနည်းတယ်။ အမှိုက်တွေ လာပုံတယ်။ မစင်ပုံတွေလည်း ခဏခဏ တွေ့တယ်။ ဒီနေရာက အဲ့လိုလုပ်ရမယ့် နေရာမဟုတ်လို့​ တားမြစ်သတိပေးတာပါ”ဟု ၎င်းကဆိုသည်။

ထိုသို့​ အမှိုက်စွန့်ပစ်မှုနှင့် မစင်စွန့်ပစ်မှုတို့ကို တွေ့ရှိပါက ဒဏ်ငွေ ငါးသောင်းကျပ်ဖြင့် ကနဦး အရေးယူမည်ဖြစ်ပြီး ဆက်လက် ကျူးလွန်သည်ကို CCTV မှတ်တမ်း၌ စစ်ဆေးပေါ်ပေါက်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးရုံးထံမှ သိရသည်။ 

“ကားတွေ ပါကင်ထိုးရင် မစင်ပုံတွေ ကားဘီးကပ်နေတတ်တယ်။ စည်းကမ်းနဲ့ စနစ်တကျလေး ဖြစ်စေချင်တယ်”ဟု တာမွေအဝိုင်းထိပ်တွင် နေထိုင်သူတစ်ဦးကဆိုသည်။ 

ခုံးကျော်တံတားအရှည်မှာ မီတာ ၆၀၀ ခန့်နှင့် အကျယ် ၂၄ ပေခန့်ရှိပြီး ၂၀၁၆ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကုန်ကျစရိတ် ၂၂ ဒသမ ၅ ဘီလီယံဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ 

လက်ရှိတွင် ခုံးကျော်တံတားတစ်လျှောက်၌ သတိပေး တားမြစ်ထားသည့် ဗီနိုင်းများ ချိတ်ဆွဲအသိပေးထားကြောင့် တာမွေမြို့နယ် အုပ်ချုပ်ရေးရုံးမှ သိရသည်။ 

J-17



FOLLOW US