News

POST TAGGED AS

ခိုးဝင်ဘင်္ဂါလီ

16-Jul-2018

ဘင်္ဂါလီ ဒုက္ခသည်
ကျောက်တော် ဘင်္ဂါလီဒုက္ခသည် ၅၀၀ ကျော် နေရာပြောင်း
စစ်တွေ၊ ဇူလိုင် ၁၅

ကျောက်တော်မြို့နယ်ရှိ နိဒင်ဘင်္ဂါလီ ဒုက္ခသည်စခန်းတွင် နေထိုင်သူ ၅၀၀ ကျော်ကို ဇူလိုင်လ ဒုတိယပတ်က ပြောင်းရွှေ့နေရာချထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ပြောသည်။

အဆိုပါစခန်းမှာ ၂၀၁၂ခုနှစ်က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခကြောင့် ကျောက်တော်မြို့နယ်မှ ထွက်ပြေးတိမ်းရှောင်သော ဘင်္ဂါလီများ ယာယီခိုလှုံရန် နေရာချထားပေးသည့် စခန်းဖြစ်သည်။ 

ပြောင်းရွှေ့သူမှာ အိမ်ထောင်စု ၈၅ စု၊ လူဦးရေ ၅၀၀ ကျော်ဖြစ်ပြီး ၎င်းတို့ကို စခန်းအနီးတွင် အိမ် ၈၅ လုံး ဆောက်လုပ်ကာ နေရာချပေးထားကြောင်း၊ စခန်းရှိ လူအကုန်ကို ပြောင်းရွှေ့ပြီးဖြစ်သောကြောင့် မကြာမီတွင် နိဒင်ဒုက္ခသည်စခန်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။ 

“မိသားစုတွေကို နည်းနည်းစီရွှေ့တာဆိုတော့ ဒီရက်ပိုင်းမှာ အကုန်ရွှေ့ပြီးတာပါ”ဟု ၎င်းက ဆိုသည်။ 

ဘင်္ဂါလီများနေထိုင်ရန် ပေ ၂၀ ပတ်လည် ဝါးထရံကာ၊ သွပ်မိုးအိမ်များ ဆောက်လုပ်ထားပြီး ၎င်းတို့ကို နေရာချထားခြင်းအပြင် အလုပ်အကိုင် အခွင့်အလမ်း၊ ပညာရေးနှင့် ကျန်းမာရေးအစီအစဉ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းထံမှသိရသည်။ 

အလားတူ အိမ်ထောင်စု ၆၄၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်သော မြေပုံမြို့နယ် တောင်ပေါ် (ဘင်္ဂါလီ) ဒုက္ခသည် စခန်းကို ပိတ်သိမ်းရန်အတွက် စခန်းအနီး အိမ်များဆောက်လုပ်နေကြောင်း၊ ယင်း အိမ်များအနက် အိမ်ခြေ ၁၀၀ ၌ အိမ်ထောင်စု ၁၀၀၊ လူဦးရေ ၅၀၀ ခန့်ကို ရွှေ့ပြောင်းနေရာချထားကြောင်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှသိရသည်။

စစ်တွေမြို့နယ်ရှိ လူဦးရေ ၆၄၀၀ ကျော်နေထိုင်သော သက္ကယ်ပြင် ဘင်္ဂါလီစခန်းနှင့် လူဦးရေ ၄၀၀၀ ကျော် နေထိုင်သော ခေါင်းဒုကာ (၁) (၂) ဘင်္ဂါလီစခန်း၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး IDP စခန်းကို အမြန်ဆုံးပိတ်သိမ်းကာ ပြောင်းရွှေ့နေရာထားပေးရန် စခန်းတာဝန်ရှိသူများနှင့် အစိုးရညှိနှိုင်းလျက်ရှိသည်။ 

R-22




FOLLOW US