News

POST TAGGED AS

ခိုးဝင်ဘင်္ဂါလီ

မကွေး၌ ခိုးဝင်ဘင်္ဂါလီဝင်ရောက်မှု စံချိန်တင်
မကွေး၊ ဧပြီ ၎

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားလျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်းသို့ ခိုးဝင်လာသည့် ဘင်္ဂါလီဦးရေ မှာ ယခင်နှစ်များကထက် စံချိန်တင်မြင့်တက်ကြောင်း အဆိုပါ တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီ မှ ဧပြီ ၄ ရက်နေ့အထိ မကွေးတိုင်းသို့ ဘင်္ဂါလီများ ဝင်ရောက်မှုသည် ၁၀၀ နီးပါးအထိရှိကြောင်းနှင့် ပြီးခဲ့သည့် တစ်နှစ်လုံး၌ ၁၇ ဦးသာ ဝင်ရောက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ခိုးဝင်လာသည့် ဘင်္ဂါလီအများစုသည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် မြောက်ဦးမြို့များမှ ဝင်ရောက်လာကြပြီး ဖမ်းဆီးရမိသည့် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသားငယ် အများဆုံးပါဝင်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ဆိုသည်။

“စစ်ဆေးဖော်ထုတ်ချက်တွေအရ သူတို့ဝင်လာတဲ့ လမ်းကြောင်းတွေက ကျောက်တော်နဲ့ မြောက်ဦးဘက်ကနေ စက်လှေတွေနဲ့ ၂ ရက်လောက် စီးလာကြပြီး ရခိုင်ရိုးမတောကိုဖြတ်လာကြတာ။ သူတို့ရည်ရွယ်ချက်က ရန်ကုန်ကနေ မလေးရှားကိုသွားဖို့လို့ သိရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ်အတွင်း ခိုးဝင်ဘင်္ဂါလီများ ဆက်တိုက် ဖမ်းမိနေသည့်အတွက် ထပ်မံ ဝင်ရောက်မှုများ ရှိနိုင်သည်ဟု ထင်မှတ်မိ၍ မကွေးတိုင်းအတွင်းရှိ အဓိကလမ်းကြောင်းများကို ပိတ်ဆို့ဖမ်းဆီးနေရာမှ ထိုသို့များပြားစွာ ဖမ်းမိခြင်းဖြစ်ကြောင်း ယင်းတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဧပြီလ ၃ ရက်နေ့က ငဖဲမြို့ ဂုတ်ကြီး လမ်းကြောင်းနှင့် မင်းလှမြို့တောတွင်းလမ်းများမှတစ်ဆင့် မကွေးမြို့သို့ ဝင်ရောက်လာသည့် ဘင်္ဂါလီ ၁၉ ဦးကို ထပ်မံ ဖမ်းဆီးရမိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

လွင်အေး



FOLLOW US