News

POST TAGGED AS

ခိုးယူရိုက်ကူးမှု

ဆိပ်ကမ်းနှင့်သင်္ဘောပေါ် ရောင်းချသည့် ဈေးသည်များကို စည်ပင်ဥပဒေဖြင့် အရေးယူမည်


ရန်ကုန်၊ ဩဂုတ် ၁၈

ပန်းဆိုးတန်း-ဒလခရီးတို ပြေးဆွဲနေသည့် ချယ်ရီရေယာဉ်ပေါ်နှင့် ဆိပ်ခံတံတားများပေါ်တွင် ဈေးသည်များ လိုက်ပါရောင်းချမှုကို ပညာပေးတားမြစ်ရှင်းလင်းနေပြီး ပညာပေးကာလပြီးပါက စည်ပင်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာနခွဲ၊ ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်က ပြောကြားသည်။

“အခုချိန်ကစပြီး သတိပေးရှင်းလင်းတာတွေ လုပ်နေတယ်။ တားမြစ်နေတဲ့ကြားက လွန်ကဲလာရင် အရေးယူဆောင်ရွက်တဲ့အပိုင်းကို လုပ်ဆောင်မှာပါ။ နေ့စဉ်စီးနေတဲ့ ခရီးသည်နှစ်သောင်းကျော်အတွက် ကြည့်မလား၊ အနည်းအကျဉ်းသောဈေးသည်အတွက် ကြည့်မလား။ စဉ်းစားဖို့လိုတယ်”ဟု ၎င်းက ဆိုသည်။

ချယ်ရီသင်္ဘော ၁၊ ၂၊ ၃ပေါ်နှင့် ဆိပ်ခံတံတားများပေါ်တွင် ရောင်းချနေသည့် ဈေးသည်များကို ဝန်ထမ်းအင်အား ၃၀ ဦးဖြင့် ဩဂုတ်လ ၁၄ ရက်က စတင်ရှင်းလင်းနေပြီး ဆယ်ရက်ကြာပညာပေးကာလအဖြစ် သတ်မှတ်ကာ နေ့စဉ်သတိပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

“အခုချိန်ကတော့ ပညာပေးကာလမို့ ဝန်ထမ်းတွေက စိတ်ရှည်ရှည်နဲ့ ရှင်းလင်းနေတယ်။ ကိုယ်ထိလက်ရောက်တွေဖြစ်လာရင်တော့ တရားဥပဒေအရ ဆောင်ရွက်မယ်။ ဈေးသည်တွေက အလစ်ပြန်ရောင်းဖို့ စောင့်နေကြတယ်။ ဒီရှင်းလင်းရေးလုပ်ငန်းကိုလည်း ရေရှည်လုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ချယ်ရီသင်္ဘောပေါ်များတွင် လက်ရှိဈေးသည်များ ရှင်းလင်းလျက်ရှိပြီး သင်္ဘောအတက်အဆင်း လွယ်ကူကာ ဈေးသည်များ ရှုပ်ယှက်ခတ်နေခြင်းနှင့် အော်ဟစ်ပြောဆိုနေခြင်းများ မရှိတော့ကာ ဈေးရောင်းချသည့်ပစ္စည်းများက သင်္ဘောအပေါ်နေရာ ယူထားခြင်းများလည်း မရှိတော့ကြောင်း နေ့စဉ် ရန်ကုန်-ဒလ စီးနင်းနေသည့် ခရီးသည် ဒေါ်ထက်ဝေနှင်းက ပြောကြားသည်။

“အမျိုးသားဈေးသည်တွေက စနောက်တာတွေတောင် ရှိတယ်။ အခု အဲဒါလျော့ကျသွားတာပေါ့။ အမှိုက်တွေလည်း မတွေ့တော့ဘူး။ စနစ်တကျဖြစ်သွားတယ်။ ဗောတံတားပေါ်မှာလည်း ဈေးသည်တွေ လုံးဝမရှိတော့ဘူး။ တစ်ခုပြောချင်တာက စီမံကိန်းကာလပဲရှင်းပြီး နောက်ပြန်ရောင်းချတာမျိုးတွေ မဖြစ်အောင် ရေရှည်လုပ်စေချင်တယ်”ဟု ၎င်းက ဆိုသည်။

ယခင်က သင်္ဘောပေါ် ဈေးရောင်းချမှုကို ရှင်းလင်းဆောင်ရွက်ခဲ့သော်လည်း ဝန်ထမ်းအင်အားအခြေအနေအရနှင့် လုပ်ငန်းဆောင်ရွက်ပုံစနစ်အရ အောင်မြင်မှု မရှိခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ၁၅ ဦးခန့် ပါဝင်သည့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ငယ်များဖြင့် လှည့်လည်စစ်ဆေးမည်ဖြစ်ကြောင်း ဦးဝင်းကိုအောင်က ပြောကြားသည်။

စည်းကမ်းမဲ့ဈေးရောင်းချသူများကို ပထမအကြိမ် ပစ္စည်းသိမ်းမည်ဖြစ်ပြီး နောက်တစ်ကြိမ်စစ်ဆေးတွေ့ရှိပါက ၂၀၁၃ စည်ပင်သာယာရေး အက်ဥပဒေပုဒ်မ (၆၈) အရ ပြစ်မှုထင်ရှား တရားစီရင်ခြင်းခံရပါက ဒဏ်ငွေအနည်းဆုံး တစ်သောင်းမှ အများဆုံး ငါးသိန်းအပြင် ထောင်ဒဏ်တစ်နှစ် ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

လက်ရှိတွင် ပန်းဆိုးတန်း-ဒလ ခရီးစဉ်ကို ချယ်ရီသင်္ဘော ၁၊၂၊၃ ဖြင့် ပြေးဆွဲလျက်ရှိပြီး နေ့စဉ်ခရီးသည် နှစ်သောင်းခွဲနှင့် သုံးသောင်းကြား စီးနင်းမှုရှိပြီး ဈေးသည်များမှာ နေ့စဉ် ၁၀၀ ခန့် ရောင်းချမှုများရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးထံမှ သိရသည်။

J-06



FOLLOW US