News

POST TAGGED AS

ခိုးမှု

အရပ်သားတစ်ဦးကိုပစ်သတ်မှုဖြင့် တပ်အရာရှိတစ်ဦးကို လူသတ်မှုဖြင့်အမှုဖွင့်
မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ ကုလားကုတ်ကျွန်း အလယ်ဆိပ်ရပ်နေ အရပ်သား ကိုတင်စိုးမြင့်ကို ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ ကုလားကုတ်ကျွန်း အခြေစိုက် ခမရ-၅၈၇ တပ်မှ ဗိုလ်ကြီးတစ်ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှုရုံးမှသိရသည်။

“၁၆ ရက်နေ့ ညနေပိုင်းမှာ ဗိုလ်ကြီးအောင်ကိုကိုမင်းက သူ့ကိုကျွန်တော်တို့ အိမ်ကနေပဲ ခေါ်သွားတယ်၊ ကျွန်တော်တို့တော့ တပ်ထဲကို ဝင်ခွင့်မရှိဘူး၊ နောက်နေ့ ၁၇ ရက်နေ့မှာ တပ်က ဗိုလ်မှူးတွေခေါ်လို့ ကျွန်တော်တို့ တက်သွားတော့မှ သူသေသွားပြီးဆိုတာ သိရတာပါ”ဟု ကုလားကုတ်အလယ်ကျွန်း ရာအိမ်မှူး ကိုသိန်းထူးက ပြောသည်။

သေဆုံးသူ ကိုတင်စိုးမြင့်မှာ မိသားစုချင်း မြေပြဿနာနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် အဆင်မပြေမှုများ ဖြစ်နေသည့်အတွက် ၎င်းကို တပ်မှခေါ်ဆောင်သွားကြောင်း၊ ခေါ်ဆောင်သွားရာတွင် မိမိတို့ အနေနှင့် တပ်မှခေါ်ဆောင်သည့်အတွက် မတားဆီးရဲကြောင်း၊ တပ်မှအရာရှိကြီးများက ဖြစ်စဉ်စစ်ဆေးရန် ခေါ်ဆောင်သည့်အချိန်မှသာ ကိုတင်စိုးမြင့် သေဆုံးသည်ကို သိရကြောင်း၊ ထိုအချိန်တွင် ဗိုလ်ကြီးအောင်ကိုကိုမင်းကို လက်ထိတ်ခတ်ထားသည့်ကို တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

သေဆုံးသူ ကိုတင်စိုးမြင့်မှာ သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် သေဆုံးနေပြီး ဗိုလ်ကြီးအောင်ကိုကိုမင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (လူသတ်မှု) ဖြင့် သေဆုံးသူ၏ဇနီး မခင်ဆွေတင့်က မေလ ၁၈ ရက်က အမှုဖွင့်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှသိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတပ်ကို အကြောင်းကြားခဲ့ပြီး မေလ ၁၉ ရက်တွင် တပ်ဘက်က စစ်စည်းကမ်းဖြင့် အရေးယူမည်ဟု အကြောင်းပြန်လာကြောင်း၊ ယင်းအမှုကို တပ်ဘက်ဆိုင်ရာထံ လွှဲပြောင်းပေးရန် စီစဉ်နေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) ရဲမှူးမြင့်ဝင်းက ပြောသည်။

R-21



FOLLOW US