News

POST TAGGED AS

ခရီးသွား

အိန္ဒိယနှင့် ကိုရီးယား အပါအဝင် နိုင်ငံရှစ်ခုမှ ခရီးသွားပြပွဲ ပထမဆုံးအကြိမ် ကျင်းပမည်
ရန်ကုန်၊ ဇူလိုင် ၎

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာ ခရီးသွားအမြင်များ မြှင့်တင်ပေးနိုင်ရန် အိန္ဒိယ၊ ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံရှစ်ခုမှ ခရီးသွားကုမ္ပဏီများ ပါဝင်သည့် ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲကို ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ တပ်မတော်ခန်းမတွင် ကျင်းပမည်ဖြစ်သည်။

ခရီးသွားပြပွဲတွင် ပြည်ပခရီးသွား ကုမ္ပဏီ ၅၀ ကျော်မှ ပြခန်းများ ပါဝင်မည်ဖြစ်ပြီး ပြည်ပနိုင်ငံများအတွက် အလည်အပတ် အပန်းဖြေခရီးစဉ်များ သာမက ဆေးကုသမှု ခံယူနိုင်မည့်ခရီးစဉ်များ၊ စီးပွားရေးနှင့် ညီလာခံများအတွက် ခရီးစဉ်များနှင့် မင်္ဂလာမောင်နှံများအတွက် ခရီးစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း တာဝန်ယူ ဆောင်ရွက်သည့် ထိုင်းနိုင်ငံ အခြေစိုက် ICVEX ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ Mr.Chanakit က ပြောကြားသည်။

“မြန်မာနိုင်ငံက ခရီးသွားတွေအတွက် ပြည်ပ ခရီးစဉ်လမ်းကြောင်း အသစ်တွေကို ရှာဖွေနိုင်မှာဖြစ်သလို ဒီပွဲက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကို နိုင်ငံတကာနဲ့ ပိုပြီး ချိတ်ဆက်တိုးချဲ့နိုင်မယ့် အခွင့်အရေးတွေရမှာပါ”ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ (Myanmar International Tourism Expo 2018)တွင် ခရီးသွား လုပ်ငန်းရှင်များအကြား စီးပွားရေးလုပ်ငန်းများအတွက် ချိတ်ဆက်မှုများ အဓိက ပါဝင်မည်ဖြစ်ကြောင်း အထွေထွေ မန်နေဂျာ Mr.Chanakit ထံမှ သိရသည်။

မြန်မာနိုင်ငံသားများအနေနှင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ် သုံးသန်းဝန်းကျင် သွားရောက် လည်ပတ်လေ့ရှိပြီး အများစုမှာ စီးပွားရေး လုပ်ငန်းများအတွက် ခရီးစဉ်များနှင့် အပန်းဖြေခရီးစဉ်များမှာ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။  

J-14



FOLLOW US