POST TAGGED AS

ခရီးသွား

19-Dec-2017

ပုဂံ ခရီးသွား
ပုဂံသို့ ကမ္ဘာလှည့်ခရီးသည် အဝင်လျော့

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် ပုဂံသို့ ယခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသည် အဝင် လျော့ကျခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံဒေသသို့ ယခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ သုံးလအတွင်း ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုသည် ယခင်နှစ်ကာလတူထက် ကမ္ဘာလှည့် ခရီးသွားဦးရေ နှစ်ထောင်ခန့် ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ကမ္ဘာလှည့်ခရီးသွား ဧည့်သည်စုစုပေါင်း ရှစ်သောင်း ငါးရာကျော် ဝင်ရောက်ခဲ့သော်လည်း ယခုနှစ် အလားတူလများတွင် စုစုပေါင်း ခုနစ်သောင်း ကိုးထောင်ကျော်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ 

“သုံးလစုစုပေါင်းကို အရင်နှစ်က ထက် နှစ်ထောင်လောက် လျော့သွား တယ်။ အရင်ရှေ့ပိုင်းလတွေက ဝင်ရောက် နှုန်း တိုးထားလို့ လက်ရှိ ဝင်ရောက်နှုန်း ကတော့ မနှစ်ကထက် ပိုများနေသေး တယ်။ ကျွန်တော့်အမြင်အရတော့ ရခိုင် အရေးကြောင့် ဥရောပနိုင်ငံသားတွေ ဝင်ရောက်တဲ့နှုန်းကျသွားတာ ဖြစ်နိုင် တယ်}} ဟု အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပုဂံယဉ်ကျေးမှုဒေသသို့ လက်ရှိ တွင် ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလ ကုန်အထိ  ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဦးရေ နှစ်သိန်းခြောက်သောင်းခြောက်ထောင် ကျော် ဝင်ရောက်ထားပြီး ၂၀၁၆ ဇန်နဝါရီလ မှ နိုဝင်ဘာလကုန်တွင် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်ဦးရေ နှစ်သိန်း လေးသောင်းလေးထောင်ကျော်သာ ဝင်ရောက်ခဲ့ကြောင်း (ပုဂံဌာနခွဲ) ၏စာရင်းများအရ သိရသည်။

“ပုဂံဟာ ခရီးစဉ်ဒေသတွေမှာ အဓိက နေရာတစ်ခုပါ။ ပုဂံမှာ တိုးနည်းရင် တခြားဒေသတွေ ပြောစရာ မလိုတော့ဘူး။ တစ်လတစ်လကို တိုး ၄၀ဝ လောက်ဝင်တဲ့ တိုးကုမ္ပဏီတွေတောင် တစ်ဝက်လောက် ကျသွားတယ်လို့ ကြားတယ်။ သေချာတာကတော့ ဒီနှစ် တိုးအဝင် နည်းတယ်”ဟု Wazo ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက မြန်မာနိုင်ငံသို့ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ကမ္ဘာလှည့် ခရီးသည်ဦးရေ ၂ ဒသမ ၈၁ သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ငါးသိန်းနီးပါး ပိုမိုဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့စာရင်းအရ ဧည့်သည် ဝင်ရောက်မှုနှုန်းက အရင်နှစ်ကထက် ပိုများတယ်ဆိုပေမယ့် တကယ့်တိုးဆိုဒ်တွေ၊ စားသောက်ဆိုင်တွေ၊ အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာ အရင်နှစ်တွေကလောက် တိုးတွေကို မတွေ့ရတော့ဘူး။ တိုးဂိုက်တွေ အရမ်း အလုပ်များတဲ့ နိုဝင်ဘာလမှာတောင် အရင်နှစ်လောက် ဧည့်သည် မရတော့တာတွေရှိတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ်သည့် ဥရောပနိုင်ငံအချို့မှ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု လျော့နည်းလာသည့်အတွက် တရုတ်နိုင်ငံ ခရီးသွားများကို ပိုမို ဝင်ရောက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဧည့်သည် ၂ ဒသမ ၉ သန်းကျော် ဝင်ရောက်ခဲ့ပြီး ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အမေရိကန်၊ ဗြိတိန် စသည့် ဥရောပနိုင်ငံများက ဝင်ရောက်မှု ပိုမိုများပြားခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                       

J-14



FOLLOW US