News

POST TAGGED AS

ခရီးသွားလုပ်ငန်း

ဟိုတယ်/ခရီးသွား လိုင်စင်ရှိသည့်လုပ်ငန်းများ စည်ပင်လုပ်ငန်းလိုင်စင်ယူရန်မလို
ရန်ကုန်၊ ဇူလိုင် ၂၆

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ လိုင်စင်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လိုင်စင်စည်းကြပ်ခြင်းမပြုရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနောင်နောင်ဟန်က ပြောကြားသည်။

“စည်ပင်ဥပဒေနဲ့ဆိုပြီး ဟိုတယ်ခရီးကပေးထားတဲ့ လိုင်စင်ရဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေကို လိုင်စင်ထပ်မံယူဖို့ နှိုးဆော်စာတွေ ပို့လာတာတွေ ရှိခဲ့တယ်။ ဥပဒေနှစ်ခု ဆက်စပ်နေတဲ့အရာကို သက်ဆိုင်ရာလူကြီးချင်း တွေ့ဆုံညှိနှိုင်းပြီးတော့ အခုလို အကြောင်းကြားလာတာပါ”ဟု ၎င်းကဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသော လိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ခရီးသွားအေဂျင်စီများ၊ ဟိုတယ်အတွင်းမှ စားသောက်ဆိုင်များ၊ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်း ဆောင်ရွက်သူများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ဥပဒေအရ လုပ်ငန်းလိုင်စင် ထပ်မံယူရန် နှိုးဆော်စာများ ယခုနှစ်အစပိုင်း၌ မြို့နယ်အချို့တွင် ပေးပို့မှုများ ရှိခဲ့သည်။

“ဟိုတယ်ခရီးလိုင်စင် ယူထားပြီးသားဖြစ်တဲ့အတွက် ထပ်ပြီး လိုင်စင်လုပ်ဖို့ စာလာပို့တဲ့အတွက် အချို့တွေက လုပ်တာလည်းရှိတယ်။ အစ်မတို့ကတော့ မလုပ်ခဲ့ဘူး။ လုပ်ခဲ့ရင် အခွန်နှစ်ထပ်ဆောင်သလို ဖြစ်သွားမှာလေ”ဟု စမ်းချောင်းမြို့နယ်တွင် လုပ်ကိုင်နေသည့် ခရီးသွားလုပ်ငန်း ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူကဆိုသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ပေးပို့သည့်အကြောင်းကြားစာတွင် ခရီးသွားလုပ်ငန်း ဝန်ဆောင်မှု၌ပါဝင်သည့် ဆက်စပ်လုပ်ကိုင်လျက်ရှိသော ကားလက်မှတ်ရောင်းခြင်၊ လေယာဉ်လက်မှတ်ရောင်းခြင်း စသည့်လုပ်ငန်းများ ပါဝင်သည်။

ရန်ကုန်မြို့အတွင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ဖြင့်ခွင့်ပြုထားသည် ဟိုတယ်၊ မိုတယ် အလုံးရေပေါင်း ၃၈၀ ကျော်ရှိနေပြီး ခရီးသွား လုပ်ငန်းဝန်ဆောင်မှုအေဂျင်စီပေါင်း နှစ်ထောင်ကျော်အထိ ရှိနေသည်။

J-14



FOLLOW US